
လွန်ခဲ့တဲ့ အောက်တိုဘာလ ၅ ရက် ညပိုင်းမှာ
Apple ကုမ္ပဏီကြီးရဲ့ ဖခင်၊ CEO ဟောင်းနဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းလောကရဲ့
ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်၊ ကွန်ပျူတာလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့
မဟာဉာဏ်ကြီးရှင် စတိဗ်ဂျော့ဘ် တစ်ယောက် လူ့လောကကို စွန့်ခွာသွားခဲ့ပါပြီ။
ပန်းသီးထုတ်ကုန်များကို နှစ်ခြိုက်စွာ သုံးစွဲနေသူများရော၊ သူ့ရဲ့ ပညာနဲ့
စွမ်းဆောင်မှုများကို အလေးဂရုပြုကြသူများ အားလုံးအတွက် ဝမ်းနည်းပူဆွေးဖွယ်
နေ့တစ်နေ့ပါပဲ။ သူ့ခေတ်သူ့အခါမှာ အံသြဖွယ်ကောင်းတဲ့ အောင်မြင်မှုများစွာ
ရယူနိုင်ခဲ့သူ၊ ကျရှုံးမှုများစွာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူနဲ့
ကျွန်တော်တို့ရဲ့ အိပ်မက်များစွာကို အမှန်တကယ် ဖြစ်လာစေခဲ့သူ စတိဗ်ဂျော့ဟာ
သူမသေခင်ကာလများစွာမှာ ကျွန်တော်တို့အတွက် သင်ယူလေ့လာစရာ
သင်ခန်းစာများစွာကို ပြသပေးခဲ့ပါတယ်။ သူသင်ပေးခဲ့တဲ့ သင်ခန်းစာတွေကို
သုံးသပ်လေ့လာရင်း သူဖြစ်စေချင်ခဲ့တဲ့ ဘဝမျိုးကို ကျွန်တော်တို့
ဖန်တီးယူကြရအောင် …
၁။ မတူခြားနားမှုကို ဖန်တီးခြင်း
တစ်စုံတစ်ယောကဟာ အမှန်တကယ်
ကွဲပြားခြားနားမှုကို လိုချင်တာလား။ တစ်ရက်မှာ တစ်ဒါဇင်မက အပြောင်းအလဲကို
တောင့်တမိသလား။ ဘဝမှာလား၊ လုပ်ငန်းမှာလား၊ အဖွဲ့အစည်းအတွင်းမှာလား။
တကယ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ အဆိုးမြင်ဝါဒီတွေနဲ့ ခုံနေရာကို
မက်မောသူတွေကတော့ ရည်မှန်းချက်တွေ တကယ်ဖြစ်မလာအောင်၊ နှောင့်နှေးသွားအောင်
နည်းမျိုးစုံနဲ့ ကြိုးပမ်းကြလိမ့်မယ်။ ဘယ်သူကမှ Apple ရဲ့ အောင်မြင်မှုဟာ
စတိဗ်တစ်ယောက်ထဲရဲ့ အစွမ်းလို့ လက်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့
သမိုင်းကြောင်းကတော့ လူတစ်ယောက်ဟာ ပြောင်းလဲမှုတွေကို ဘယ်လောက်အတိုင်းအတာထိ
ဖြစ်ပွားစေနိုင်လဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
၂။ လိုအပ်နေတဲ့ အမြင်တစ်ခု
အတိုင်ပင်ခံတွေရဲ့ လမ်းညွှန်ပြသမှုတွေ၊
သဘောထားစစ်တမ်းတွေနဲ့ စားသုံးသူညွှန်းကိန်းတွေဟာ တကယ်တော့ မလုံလောက်ပါဘူး။
ဒါတွေအားလုံးဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ ရှိနေသူတွေရဲ့
ယေဘုယျဆင်ခြင်နိုင်စွမ်းပေါ်မှာ အခြေပြု တည်ဆောက်ထားတာမို့ပါ။ ဂျော့ဘ်ကတော့
မမြင်ရသေး၊ မပေါ်သေးတဲ့ အရာတွေ (ဥပမာ iPod ၊ iTunes ဝန်ဆောင်မှု) ၊
ဈေးကွက်အတွက် မရေရာသေးတဲ့ အရာတွေကို မျှော်မှန်းခဲ့ပါတယ်။ သူရဲ့
ပြိုင်ဘက်တွေ မနေ့က ထုတ်ကုန်တွေအတွက် အလုပ်ရှုပ်နေချိန်မှာ သူကတော့
မနက်ဖြန်ရဲ့ ထုတ်ကုန်တွေကို ဖန်တီးနေခဲ့ပါတယ်။
၃။ ကိုယ့်အတွက် မဟုတ်ပါ
အချို့စီးပွားရေးလုပ်ငန်းတွေမှာ
ကြားရတဲ့သတင်းတွေဟာ အလွန်ကြောက်မက်ဖွယ် ကောင်းပါတယ်။ ဥပမာအားဖြင့် “XYZ
ဌာနခွဲကို တို့ပေးစရာရှိတယ်။ ဒါကြောင့် ဒီစီမံကိန်းကို သူတို့ပေးရအောင်”၊
ဒါမှမဟုတ် “ဒီလူဟာ အားလုံးထဲမှာ ဝါစဉ်အကြီးဆုံးပဲ။ ဒါကြောင့်သူ့ကို
တာဝန်ခံအဖြစ် ပေးလိုက်ရအောင်”၊ ဆိုတာမျိုးတွေပေါ့။ ဂျော့ဘ်ဟာ Apple ကို
ထုတ်ကုန်ပေါ်မှာပဲ အခြေခံ တည်ဆောက်ခဲ့ပါတယ်။ သူရဲ့ ထုတ်ကုန်တစ်ခုထဲမှာပဲ
အာရုံစိုက်ခဲ့တဲ့အတွက် စားသုံးသူတွေအတွက်ပဲ ဖြစ်ခဲ့ပြီး ကိုယ့်အတွက်
မဟုတ်ခဲ့ပါဘူး။
၎။ အာရုံစိုက်ပါ။
ယုံချင်ယုံ မယုံချင်နေ၊ မန်နေဂျာအများစုဟာ
သူတို့ရဲ့ ဝန်ထမ်းတွေ အလွန်အလုပ်ရှုပ်နေမှ နှစ်သက်ကြပါတယ်။
သူတို့စိတ်ထဲမှာတော့ ဒါဟာ အလုပ်တွင်တယ်လို့ ထင်မြင်နေပါလိမ့်မယ်။ သူတို့ကို
မေးလိုက်ရင် ခေါင်းထဲကနေ အကြောင်းအရာ ၂ ခု၊ ၄ ခု ဒါမှမဟုတ် ၁၆ ခုလောက်
ထုတ်ပြပါလိမ့်မယ်။ Apple မှာလည်း ဝန်ထမ်းတွေဟာ ဂျော့ဘ် ရောက်လာတာနဲ့
အလွန်အလုပ်ရှုပ်ပါလိမ့်မယ်။ ပြီးတော့ ပေါက်ကွဲထွက်ကုန်ပါလိမ့်မယ်။ တကယ်တမ်း
သူပထမဆုံး လုပ်တဲ့ အလုပ်က သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့
အာရုံစူးစိုက်မှုတွေရဲ့ ၉၀% ကို iMac နောက်ပိုင်း iPod အပေါ်မှာ
ပြောင်းလဲပစ်လိုက်တာပါပဲ။
၅။ “OK” သည် မအိုကေသေးပါ။
Apple ရဲ့ ပြိုင်ဘက်တွေဟာ သူတို့ရဲ့
အချောမသပ်သေးတဲ့ ထုတ်ကုန်တွေကို ထုတ်ဖော်ပြသခြင်းဖြင့် Apple ကို
ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ တကယ်ထွက်လာတဲ့အခါမှာလည်း
အကောင်းဆုံး ဒုတိယပဲ ဖြစ်လာခဲ့ပါတယ်။ ဂျော့ဘ်ကတော့ စိတ်ကူးယဉ်ဆန်ဆန်
ပြီးပြည့်စုံသူအဖြစ် ကျော်ကြားပါတယ်။ ဒါဟာ Apple ရဲ့အောင်မြင်မှုတွေမှာ
အဓိကကျတဲ့ သော့ချက်ဖြစ်လာခဲ့ပါတယ်။
၆။ ငွေအတွက် မဟုတ်ပါ။
စတိဗ်ဂျော့ဘ်ရဲ့ ဘဝဟာ ငွေနဲ့ ပတ်သက်ပြီး
စိတ်ကူးယဉ်ချင်သူများအတွက်တော့ အလွန်ကြောက်မက်ဖွယ် ရှောင်ရှားဖို့ကောင်းတဲ့
ဘဝတစ်ခုပါ။ သူဟာ သူ့အသက် ၁၀၀ ထိနေနိုင်ခဲ့ရင်တောင် သုံးမကုန်
ဖြုန်းမကုန်တဲ့ ပမာဏတိုင်အောင် ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်သူပါ။
ဒါပေမယ့် သူဟာ အလုပ်ကိုပဲ ဆက်လုပ်နေခဲ့ပါတယ်။ ပိုပြီး
ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုပဲ လုပ်ချင်နေခဲ့ပါတယ်။ ငွေနဲ့ ပတ်သက်လို့ သူဟာ
မတွန့်ဆုတ်ပါဘူး။ CEO တစ်ယောက်ဟာ လူလုံးထွက်ပြရုံလောက်နဲ့ တစ်နှစ်ကို
နောက်ထပ် သန်း၂၀ တောင်းလို့ရတယ်ဆိုတာ တော်တော် စဉ်းစားရမယ်ကိစ္စပါ။ သူရဲ့
CEO လစာဟာ တစ်နှစ်ကို ၁ ဒေါ်လာပါ။
၇။ မပြီးဆုံးသေးပဲနဲ့ မပြီးသေးပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက
စတိဗ်ဂျော့ဘ်ဟာ ဆီလီကွန်တောင်ကြားမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ Apple ကလည်း
ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုမ္ပဏီဟာ အရှုံးပြမှုတွေ၊
ရာထူးကြီးပိုင်းတွေကို ထုတ်ပယ်မှုတွေ၊ ပြန်လည်ဖွဲ့စည်းမှုတွေ၊ ရပိုင်ခွင့်
ရောင်းချမှုတွေနဲ့ သုတေသနဆိုင်ရာ ရံပုံငွေ ဖြတ်တောက်မှုတွေကို
ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ်မှာ Apple ရဲ့ စတော့တွေဟာ ၃.၂၃ ဒေါ်လာထိ
ကျဆင်းသွားပြီး ဝယ်သူမရှိ ဖြစ်ခဲ့ရပါတယ်။
၈။ လူတွေကို သူတို့တကယ်လိုချင်တဲ့အရာ ပေးပါ။
ရုတ်တရက်ဆို အတော်
ကိုးလိုးကန့်လန့်နိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအများစုဟာ အဲဒီအတိုင်း
တကယ်မလုပ်ကြပါဘူး။ များသောအားဖြင့် သူတို့ ထုတ်ချင်တာ ထုတ်ပါတယ်။ ဒါမှမဟုတ်
အဆင်ပြေမယ် ထင်တာ ထုတ်ပါတယ်။ အဲဒါမှမဟုတ် လူတွေ လိုချင်လိမ့်မယ်လို့
ထင်တဲ့အရာတွေကို ထုတ်ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ကွန်ပျူတာလောကဟာ
ရှုပ်ထွေးတဲ့ Operating System နဲ့ စိတ်ညစ်ဖွယ် ကောင်းပြီး အရုပ်ဆိုးတဲ့
စက်ပစ္စည်းတွေကို အတောမသတ် ထုတ်လုပ်နေခဲ့ပါတယ်။ သူတို့အားလုံး အဲဒီလိုပဲ
လုပ်နေခဲ့ကြပါတယ်။ တကယ်တော့ လူတွေ လိုချင်တာ အဲဒါတွေ မဟုတ်ပါ။
၉။ သူများက ကိုယ့်ထုတ်ကုန်ကို မဖျက်စီးခင် ကိုယ်တိုင် ဖျက်စီးပစ်ပါ။
Jobs ဟာ Apple ကို အမြဲတမ်း
တီထွင်ဆန်းသစ်နေအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်
ထုတ်ကုန်တွေကိုတောင် ခေတ်နောက်ကျနေအောင် ဖန်တီးခဲ့ပါတယ်။ ဖန်တီးမှုကြောင့်
ဖြစ်လာတဲ့ ဖျက်စီးမှုဟာ Apple ကို ၃၅၄ ဘီလီယံတန်တဲ့ ကုမ္ပဏီကြီး ဖြစ်လာအောင်
ပြုစုပျိုးထောင်ပေးခဲ့တာပါ။ ၂၀၀၄ ခုနှစ်က iPod ဟာလည်း ၂၀၀၄ မော်ဒယ် Treo
လိုပဲ ခုချိန်မှာ ခေတ်နောက်ကျ ကျန်ခဲ့ပေမယ့် Palm ဟာ ခုဆို
ကမ္ဘာမြေပေါ်မှာတောင် မရှိတော့ပါဘူး။ ဂျော့ဘ်ဟာ ဒေါ်လာ ၅၀၀ တန် iPod လေးက
ဒေါ်လာ ၁၀၀၀ တန် လက်ပ်တော့ကို ဝါးမျိုးနိုင်မယ်ဆိုတာ သေချာသိခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ရှေ့ကိုပဲ ဆက်သွားခဲ့ပါတယ်။ ကုမ္ပဏီအများစုကတော့
မလုပ်နိုင်ခဲ့ပါဘူး။
၁၀။ ဟန်ပြကောင်းပါစေ။
ဂျော့ရဲ့ အောင်မြင်မှုတွေထဲမှာ
အရေးအကြီးဆုံး အရာတစ်ခုကတော့ ပရိသတ်တွေနဲ့ ကြည့်ရှုနေသူတွေရဲ့ စိတ်ကို
လုံးဝအံ့သြမှင်တက်ပြီး ဘဝင်ခိုက်သွားစေတဲ့ ဟန်ပန်ပါပဲ။ ထုတ်ကုန်သစ်
မိတ်ဆက်ပွဲတွေနဲ့ စင်ပေါ်မှာ ဟန်ပါပါ ပြောဆိုမှုတွေဟာ သူ့ရဲ့
ဂုဏ်ဒြပ်တစ်မျိုးပါပဲ။ လက်ရှိအချိန်ဟာ အပေါ်ယံလွှာကိုပဲ ကြည့်ပြီး
ဆုံးဖြတ်နေရတဲ့ခေတ်ပါ။ ဒါကို သတိရပါ။
၁၁။ အများစုဟာ သူတို့ဘာလုပ်နေမှန်း မသိကြပါ။
ဂျော့ဘ်ရဲ့ အကြောင်းကို ပြောမယ်ဆိုရင်
သူ့ရဲ့ ပြိုင်ဘက်တွေအကြောင်းလည်း ချန်ထားခဲ့လို့ မရပါဘူး။ Microsoft ၊ Palm
၊ Nokia ၊ Dell ၊ HP နဲ့ မြောက်များလှစွာတော့ ပြိုင်ဘက်တွေဟာ သူတို့ရဲ့
အခွင့်အရေးတွေကို လက်လွတ်ခံခဲ့ပါတယ်။ အများစုဟာ သူတို့ရဲ ထုတ်လုပ်မှုပုံစံ
ပြောင်းလဲလာခြင်းကို ကိုင်တွယ်ပုံ မှားယွင်းခဲ့ပါတယ်။ စွမ်းအားကို
ပိုင်ဆိုင်ထားသူ အများစုဟာ သူတို့ဘာလုပ်နေတယ်ဆိုတာ သိတယ်လို့
ကိုယ့်ကိုယ်ကို ထင်နေခဲ့ကြပါတယ်။ ဒါပေမယ့် ဂျော့ဘ်ကတော့ သူတို့
တကယ်မသိပါဘူးလို့ သက်သေပြခဲ့ပါတယ်။
၁၂။ အချိန်တွေဟာ တန်ဖိုးရှိပါတယ်။ မဖြုန်းတီးပါနဲ့။
စတိဗ်ဂျော့ဘ် ကွယ်လွန်ချိန်မှာ အသက် ၅၆
နှစ်ပဲ ရှိပါသေးတယ်။ ပြောရမယ်ဆိုရင် ငယ်ပါသေးတယ်။ သို့ပေမယ့် သူရဲ့
သက်တမ်းတိုတိုလေးအတွင်းမှာ ကျွန်တော်တို့ရဲ့ နေပုံထိုင်ပုံတွေကို
ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ကရော ကိုယ့်အချိန်တွေကို ဘာတွေ
လုပ်ပစ်နေကြပါသလဲ။ တကယ်တော့ အချိန်ဟာ ကျွန်တော်တို့ အဖြုန်းတီးဆုံး
အရာတစ်ခုပါ။ ဝယ်စရာလည်း မလို၊ ဝယ်လို့လည်း မရပါ။ ဒါကြောင့် အချိန်တိုင်းကို
တန်ဖိုးရှိအောင် ကြိုးစားပါ။ နာရီတိုင်း ရက်တိုင်းကို ရေတွက်လို့ရအောင်
ကြိုးစားကြည့်ပါ။
No comments:
Post a Comment