Jul 23, 2012

ဒိုင်ကြောင်(၁)


သင် သိပါသလား။မေးချင်ပါသည်။

“သင်၏ နာမည်ကို သင်သိပါသလား။” မှတ်ပုံတင်ထဲမှ နာမည်ကို ရွတ်မပြပါနဲ့ဦး။ သုံးစက္ကန့်လောက် စဉ်းစားကြည့်ပါဦး။ ကျွန်တော် ပြန်မေးပါမည်။ “သင်၏ နာမည်ကို သင်သိပါသလား။”

အင်တာနက်ထဲရှိ ဖိုရမ်ပေါင်းစုံ၊ ဘလော့ပေါင်းစုံတွင် သင် အသုံးပြုခဲ့သော် နာမည်များနှင့် သင်ကိုယ်တိုင် ဘယ်နှစ်ခုပိုင်ဆိုင်မိမှန်း မသိသော ဂျီမေလ်း၊ဂျီတော့ များထဲမှ နာမည်များသည် သင်၏နာမည်လော။ ဟုတ်သည်ဟုဆိုနိုင်ပါသည်။ နာမည်သည် ပညတ်ချက်တစ်ခုမျှသာ ဖြစ်သည်ဟု သင် ဆိုကောင်းဆိုနိုင်ပါသည်။ သို့ဆိုလျှင် ကျွန်တော့်နာမည်သည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဖြစ်သည်ဟုဆိုလျှင် သင်လက်ခံမည်လော။ “အို သိပ်လက်ခံတာပေါ့ဗျာ” ဟုဆိုခဲ့သော် သင်သည် ကျွန်တော့်ကို အရူးအနှမ်းသာသာမျှ သဘောထား၍ ခပ်ပေါ့ပေါ့ စကားစဖြတ် ဖြေလိုက်ခြင်းဖြစ်ပေမည်။ သို့မဟုတ်လျှင် သင်သည် “ကျွန်တော်ကလည်း ကင်းဝန်မင်းကြီး ဦးကောင်းပဲဗျ” ဟု ပြန်ဆိုလျှင်တော့ သင်ကိုယ်တိုင် ရူးနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ သင်လဲမရူး၊ ကျွန်တော့်ကိုလည်း အရူးမဟုတ်ဟု လက်ခံလျှင် ကျွန်တော် နောက်ထပ်တစ်ခါ ထပ်မေးပါမည်။ “သင်၏ နာမည်ကို သင်သိပါသလား။”

မေးခွန်း၏ ဆိုလိုရင်းကို သဘောမပေါက်လျှင် ရှင်းပြပါမည်။ နာမည်ဆိုတာ ဘာလဲ။ တိရိစ္ဆာန်များတွင် နာမည်ရှိပါသလား (သို့) လူတွေပေးထားသော နာမည်များကို သူတို့ သိကြပါသလား။ ကမ္ဘာဦးအစမှ ကျောက်ခေတ်လူသားများတွင် နာမည်ရှိပါသလား။(ရှင်းပြမယ်ဆိုမှ မွေးခွန်းတွေထပ်ထုတ်မိနေပြန်ပါပြီ) ဘာသာစကားဆိုသည် မရှိခင်တုန်းကတော့ နာမည်များသည်လည်း မရှိနိုင်ပါ။

ခွေးတစ်ကောင်ကို လေ့လာကြည့်ပါ။ လူစိမ်းတွေ့လျှင် ဟောင်မည်။ သခင်ကိုတွေ့လျှင် အမြီးနန့်ပြမည်။ ထိုခွေးကို အောင်နက်ဟု နာမည်ပေးထားလိုက်ပါ။ ထိုခွေးသည် အောင်နက်ဆိုသည်မှာ သူ့နာမည်ဖြစ်သည် ဟူ၍တော့ သိနိုင်မည်မထင်ပါ။ လမ်းပေါ်လျှောက်သွားရင်း တခြားခွေးတစ်ကောင်ကိုတွေ့လျှင် ဟိုင်း ကျွန်တော့်နာမည်က အောင်နက်ပါဟု မိတ်ဆက်လိမ့်မည် မဟုတ်ပါ။ တခြားခွေးတကောင်ကလည်း သူ့ကို အောင်နက်ဟု ခေါ်လိမ့်မည် မဟုတ်ပါ။ သို့သော် သူ့သခင်က အောင်နက်ဟုခေါ်လိုက်သော အသံကြားလျှင်တော့ သူ့ကိုခေါ်ကြောင်းကို အချိန်အတိုင်းအတာတစ်ခုအတွင်း သူသဘောပေါက်သွားပါလိမ့်မည်။ သို့သော် အချိန်ရောက်၍ တခြားခွေးတစ်ကောင်က သူ့ကိုအလိုရှိနေသည်ကို နာမည်အော်ခေါ်စရာမလိုပဲ သူတို့နည်း သူတို့ဟန်ဖြင့် သိရှိပြီးဖြစ်ပေလိမ့်မည်။ ကြည့်ရတာတော့ စကားဝှက်တွေအသုံးပြုကြမည်ထင်သည်။ စကားဝှက်မေ့နေလျှင်လည်း မေလ်းလိပ်စာကနေတဆင့် ပြန်တောင်းကြသလား မသိ။ (ခွေးတွေမှာ အီးမေလ်းမရှိနိုင်ဘူးဟုတော့ မထင်ပါနှင့် face book ထဲတွင် ခွေးတစ်ကောင်၏ အကောင့်ရှိကြောင်း ကျွန်တော်ဂျာနယ်တစ်စောင်ထဲတွင် ဖတ်ဖူးသည်။) ဘယ်လိုပဲ ဖြစ်ဖြစ် မျိုးစပ်ပြန့်ပြားရေးအတွက် သက်သက်ကား နာမည်မလိုပါ။

ကျွန်တော်တို့၏ မြို့ပြလူနေမှု ပုံစံတွင်လည်း နာမည်ဆိုသည်မှာ သိပ်တော့အရေးပါလှသည်မဟုတ်ချေ။ ကိုယ့် သားသမီးကို ကိုယ်ကြိုက်တဲ့ နာမည်ကိုယ်ပေး၍ ရနေသည်ပဲ။ ကျွန်တော့် ပတ်ဝန်းကျင်တွင်ပင် လက်ရှိသမ္မတကြီးနှင့် နာမည်တူသော ကလေးတစ်ယောက်ရှိသေးတော့သည်။ သမ္မတနာမည်ပေးလိုက်သည်နှင့် ထိုကလေးသည် သမ္မတဖြစ်သွားမည် မဟုတ်ပါ။ သမ္မတနာမည်ဟူ၍လည်း သီးခြားမရှိပါ။ သမ္မတဖြစ်လာသော လူပုဂ္ဂိုလ်၏ နာမည်သည် သမ္မတနာမည် ဖြစ်လာခြင်းပင်ဖြစ်သည်။
နာမည်ဟူသည် သိပ်အရေးမပါလှဟု အထက်က ကျွန်တော်ဆိုခဲ့ပါသည်။ ဒါဖြင့် ဘာကအရေးပါသနည်းဟု မေးစရာရှိလာ၏။ ကျွန်တော်တို့၏ မှတ်ပုံတင်နံပါတ်များသည် နာမည်ထက် အရေးပါပါသည်။ အရေးပါသောကြောင့် ကျွန်ပ်တို့သည် သာမာန်ထက် အရေးကြီးသော ကိစ္စများတွင် နာမည်နှင့် မှတ်ပုံတင်နံပါတ်များတွဲ၍ အသုံးပြုကြရသည်။ မင်္ဂလာလက်မှတ်ရေးထိုးရာတွင်လည်ကောင်း၊ အိမ်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရာတွင်လည်ကောင်း၊ မီးရထားလက်မှတ်၊ ကားလက်မှတ်ဝယ်ယူရာတွင်လည်ကောင်း၊ဘဏ်တွင် ငွေကြေးအပ်နှံရာတွင်လည်ကောင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင်လည်ကောင်း၊ ယုတ်စွအဆုံး တည်းခိုခန်းတွင် တည်းခိုသည်မှအစ (ဆောင်ထားကြပေါ့ဗျာ) မှတ်ပုံတင်ပါမှ မှတ်ပုံတင်နံပါတ်နှင့်မှ အဆင်ပြေမည်။ လက်ဖက်ရည်မှာသောက်တာ ဘီယာမှာသောက်တာတော့ မှတ်ပုံတင်နံပါတ်လိုအပ်ခြင်းမရှိပါ။ (အရက်နှင့် စီးကရက်များတွင်တော့ ၀ယ်သူကို ၁၈နှစ်ပြည့်မှ ရောင်းပါဟုသတိပေးစာကပ်ထားသည်။ တချို့နေရာတွေမှာတော့ ရောင်းသူကိုယ်တိုင်တောင် ၁၈နှစ်မပြည့်သေးချေ။) တစ်ယောက်နှင့် နောက်တစ်ယောက် နာမည်တူက ရှိနိုင်သည်။ မှတ်ပုံတင် နံပါတ်တူက မရှိနိုင်ချေ။ သို့ဆိုလျှင် ကျွန်ပ်တို့သည် တစ်ယောက်နှင့် တစ်ယောက် လမ်းမှာတွေ့၍

“ဟာ ဦးတင်မောင် ပါလားဗျ။ ၀တ်ကောင်းစားလှတွေနဲ့ ဘယ်လဲ”
“သြော် ဘယ်သူများလဲလို့ ဦးဆန်းမင်းဝင်းပါလား ဒီမှာဗျာ သားအငယ်ကောင်လေး မောင်ဖိုးချစ် ဘွဲ့ယူတဲ့အခမ်အနားတက်မလို့”

ဟုနှုတ်ဆက်မည့်အစား

“ ဟာ ၁၁/ဆကန(နိုင်)၀၁၂၃၄၅ ပါလားဗျ ၀တ်ကောင်းစားလှတွေနဲ့ ဘယ်လဲ”
“သြော် ဘယ်သူများလဲလို့ ၁၁/ထပက(နိုင်)၀၅၇၇၆၇ ပါလား ဒီမှာဗျာ သားအငယ်ကောင်လေး ၁၂/လသယ(နိုင်)၁၀၉၁၁၀ ဘွဲ့ယူတဲ့ အခမ်းအနားတက်မလို့”

ဟုနှုတ်ဆက်ကြရလျှင် မည်သို့ဖြစ်လာနိုင်သည်တော့ မသိ၊ ကျွန်တော်တို့၏ မှတ်ဥာဏ်စွမ်းရည်ကား နဂိုကထက် တိုးတက်လာနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်တော့် ရှင်းလင်းတင်ပြချက်များ ဖတ်ရှုပြီးချိန်တွင် ကျွန်တော်ဆိုလိုရင်းကို သင် သဘောပေါက်လောက်ပြီထင်သည်။

အကယ်၍ သဘောမပေါက်ပဲ သဘောဂေါက်နေသည်ဆိုပါက နောက်ဆုံးအကြိမ် မေးပါမည်။

“သင်၏ နာမည်ကို သင်သိပါသလား။” သိသည်ဆိုလျှင် “သင့် မိသားစုဝင်များ၏ နာမည်နှင့် သင့်အခင်မင်ရဆုံး မိတ်ဆွေသူငယ်ချင်းများ၏ နာမည်ကို သင်သိပါသလား။”

“ဘာရယ် ဘာရယ် ကျွန်တော့်ကို ပြန်မေးချင်တယ် ဟုတ်လား”
“ကျွန်တော်က မသိဘူးဗျ”
(ဘာကြောင့်များ သူများအကောင့်ကို လိုက်ဟတ်ချင်နေတဲ့ ဟတ်ကာတွေ ရှိနေတာလဲ မသိဘူးနော်)

No comments:

Post a Comment