တကယ်လို့ ဆရာကြီး ဦးဖေမောင်တင်ကို မသိဘူးဆိုရင်
မြန်မာစာပေကို မနှံစပ်သေးဘူးလို့ ဆိုရမယ်။ ဒီနေ့ အခု ကျနော်တို့
သုံးနှုန်းနေ သလို မြန်မာစာပေကို ရေးနိုင်လာခြင်းဟာ သူ့အကူအညီတွေ
အများကြီးပါတယ်လို့ ဆိုရလိမ့်မယ်။ ဘာလို့ဆို မြန်မာစာပေကို
လွယ်လွယ်ရှင်းရှင်းရေးခဲ့တဲ့ ခေတ်စမ်းစာပေအရေးအသားကို သူနဲ့ သူ့တပည့်တွေ
မြေတောင်မြောက်ပေးခဲ့တာဖြစ်တယ်။ဆရာကြီး ဦးဖေမောင်တင်ကို ဆရာ့ဆရာကြီးများရဲ့
ဆရာကြီးလို့ ခေါ်ဝေါ်ကြပါတယ်။ ဒါဟာ နောက်ပြောင်ခေါ်ဝေါ်တဲ့စကားမဟုတ်ပါ။
ကျနော်တို့အရမ်းကြည်ညိုကြတဲ့ ဆရာသိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊
ဆရာမင်းသုဝဏ်တို့အားလုံးဟာ သူ့ (ဆရာကြီး ဦးဖေမောင်တင်) ရဲ့
တပည့်တွေဖြစ်တယ်။
ဆရာကြီးဟာ အသက် ၂၄ နှစ်သားမှာ ရန်ကုန်ကောလိပ် (နောင် ရန်ကုန် တက္ကသိုလ်) ပါဠိပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်တယ်။ ၁၉၂၀မှာ အောက်စဖို့ တက္ကသိုလ်တက်တုန်းက အဌသာလိနီပါဠိတော် နှစ်တွဲကို The Expositor ဆိုတဲ့ နာမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေခဲ့တယ်။ ၀ိသုဒ္ဓိမာဂ် ပထမတွဲကိုလည်း The Path of Purity နာမည်နဲ့ ဘာသာပြန်ခဲ့ပြန်တယ်။ ကျန်တဲ့ နှစ်ပိုင်းကိုတော့ ၁၉၂၈ နဲ့ ၁၉၃၁ တွေမှာ အောင်မြင်စွာ အဂ်လိပ်ဘာသာ ပြန်နိုင်ခဲ့ပြီး အဲဒီစာအုပ်အားလုံးကို လန်ဒန်ပါဠိအသင်းကြီးကနေ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ဆရာကြီးဟာ မြန်မာစာပေနဲ့ မွန်စာပေကို လေ့လာသုတသနပြုမှုများစွာ ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ပါမောက္ခ လုစ်နဲ့ တွဲပြီး သုတေသနတွေ အများကြီးလုပ်ခဲ့တာမှာ ၁၉၂၃ မှာ မှန်နန်းရာဇ၀င်တော်ကြီး။ ၁၉၃၅-၁၉၃၆ မှာ မြန်မာရှေးဟောင်းကျောက်စာများတို့ကို အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေနိုင်ခဲ့တယ်။ ပြည်တွင်းသာမက ပြည်ပသုတေသနစာစောင်တွေကလည်း ဆရာကြီးရဲ့ စာတမ်းအများအပြားကို ထည့်သွင်းဖော်ပြခဲ့ကြတယ်။ အငြိမ်းစားယူပြီးနောက်မှာ ဆရာကြီးပြုစုခဲ့တဲ့ Buddhist Devotion and Meditation ဆိုတဲ့ ကျမ်းဟာ အင်မတန် အနှစ်သာရပြည့်စုံလှပါတယ်။အခု ဖော်ပြတာကတော့ ဆရာကြီး အမေရိကန် ချီကာဂိုတက္ကသိုလ်မှာ ဟောပြော ပို့ချခဲ့တဲ့အကြောင်းကို ဆရာကြီးကိုယ်တိုင် ပြန်ရေးပြထားတဲ့ The Simile of a Skycraper ဆိုတဲ့ ဆောင်းပါးကနေ ကောက်နုတ်ထားတာဖြစ်တယ်။ ဒီလို ကောက်နုတ်ရတာ ရည်ရွယ်ချက်၂ချက်ရှိတယ်။
၁) ကမ္ဘာကျော်ခဲ့တဲ့ (ကမ္ဘာက လေးစားရလောက်အောင်တော်ခဲ့တဲ့) မြန်မာတွေ ရှိခဲ့ပါလားဆိုတာကို သိစေချင်တာရယ်၊
၂) ခက်ခဲနက်နဲလှတဲ့ ဗုဒ္ဓတရားတော်ကို ဆရာကြီးရှင်းပြသွားချက်ဟာ အင်မတန်ကောင်းမွန်လှပြီး ခေတ်အမြင် ခေတ်အတွေးနဲ့ အံကျလွန်းတာမို့ ပြန်ဖတ်ကြည့်ကြစေချင်တာကြောင့်ဖြစ်တယ်။
ချီကာဂိုတက္ကသိုလ်ကြီးဟာ ဘယ်လောက်အစဉ်အလာရှိသလဲဆိုတာ လူတိုင်းသိပါတယ်။ အဲံဒီလို တက္ကသိုလ်မျိုးကတောင် လာရောက်ပို့ချဖို့ ဖိတ်ကြားရတယ်ဆိုတာ ဆရာကြီးရဲ့ ပညာကို မှန်းဆနိုင်လောက်မယ် ထင်တယ်။
ဟော့ဒီမှာ ဆရာကြီးဆောင်းပါးက ကောက်နုတ်ချက်။
---------------------------------------------------------------
မိတ်ဆွေတို့။ ဒီကနေ့ ကျနော် မိတ်ဆွေဆို့ကို ဥပမာတစ်ခုနဲ့ ထင်ဟပ်ပြီးတော့ ဗုဒ္ဓဟောကြားခဲ့တဲ့ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန် အကြောင်းတရား) ကိုပေါ်လွင်အောင် ရှင်းပြသွားပါ့မယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများအနေနဲ့ ဒီစကြ၀ဠာကြီးမှာ ဘုံပေါင်း ၃၁ဘုံရှိတယ်လို့ နားလည်ထားကြပါတယ်။
ကျနော်တို့ လူသားများနေတဲ့ လူ့ဘုံဟာ ၃၁ဘုံရဲ့ ပဉ္စမဘုံဖြစ်တယ်။ လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရိစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသုရကာယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံရှိတယ်။ လူ့ဘုံရဲ့ အထက်မှာတော့ နတ်ပြည် ၆ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာ့ဘုံ ၂၀ ရှိတယ်။ စုစုပေါင်း ၃၁ဘုံ။
ဒီ ၃၁ဘုံသားတွေဟာ ကျရောက်ရာ ဘုံအသီးသီးမှာ သူ့ကာလ အပိုင်းအခြားနဲ့သူ စံစရာရှိရင်စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘ၀အမျိုးမျိုးနဲ့ ဘုံအမျိုးမျိုးကို ကူးပြောင်းကျင်လည်နေကြရတယ်။ ၃၁ဘုံကြီးက လွယ်လွယ်နဲ့ မထွက်နိုင်ကြဘူး။ ဒီလို အဆုံးမသတ်နိုင်အောင်ဘ၀အမျိုးမျိုးမှာ အသစ်အသစ်ဖြစ်နေရတဲ့ အစဉ်ကြီးကို `သံသရာ´ လို့ ခေါ်တယ်။
ဒီသံသရာကြီးဟာ ဘယ်လောက်ရှည်လျားသလဲဆိုတာ ရေးရေးထင်မြင်လာအောင် သင်တို့ရဲ့ လက်ရှိဘ၀ကနေပြီး ရှေ့ဘ၀ါဘ၀တွေကို မျှော်ကြည့်လိုက်စမ်းပါ။ ဘ၀အသစ် အသစ်တွေ ဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်။ မိတ်ဆွေတို့ ထင်လွယ်မြင်လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီး ပြပါ့မယ်။
စောစောကပြောခဲ့တဲ့ ၃၁ဘုံကြီးဟာ ၃၁ထပ်တိုက်ကြီးဆိုပါတော့။ ဒီ ၃၁ထပ်တိုက်ကြီးထဲမှာ ၃၁ဘုံသားတွေ ရှိနေကြတယ်။ ဒီ ၃၁ထပ်တိုက်ကြီးထဲ ရောက်နေတဲ့သူတွေအတွက် ထွက်စရာတံခါးပေါက် မရှိပါဘူး။ ဒီ တိုက်ကြီးအတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့ ရပါတယ်။ ဘယ်လိုသွားမလဲ၊ ရိုးရိုး မိုးမျှော်တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ ခလုတ်ကို နှိပ်ပြီး သွားရတယ်။ အောက်ထပ်ဆင်းချင်ရင် အောက်ထပ် ခလုပ်ကို နှိပ်လိုက်။ အထက်ထပ်တက်ချင်ရင် အထက်ထပ်ခလုပ်ကို နှိပ်ရတယ် မဟုတ်လား။
၃၁ဘုံနဲ့တူတဲ့ ၃၁ထပ်တိုက်ကြီးထဲမှာတော့ ရိုးရိုး တိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလို မလွယ်ဘူး။ ကာယကံရှင်ရဲ့ ကောင်းမှုကံ မကောင်းမှုကံဆိုတဲ့ အကျိုးဆက်အတိုင်းသာ ကောင်းတဲ့ အထပ်၊ ဆိုးတဲ့အထပ်တွေကို ရောက်ရတယ်။ ကိုယ်ရောက်ချင်တိုင်းရောက်လို့ မရဘူး။ ကျနော်တို့ အခုရောက်နေတဲ့အထပ်ဟာ ဒီ ၃၁ဘုံဆိုတဲ့ တိုက်ကြီးရဲ့ ပဉ္စမထပ်ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဒီအထပ်ကနေပြီး ကျနော်တို့ သေသွားပြီးနောက် အထက်ကိုဖြစ်စေ အောက်ကိုဖြစ်စေ၊ လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်းရဦးမှာပါ။ ဒီအခါမှာ ကောင်းတာလုပ်ခဲ့သူတွေအဖို့ ကောင်းတဲ့နေရာကိုရောက်ပြီး ဆိုးတာလုပ်ခဲ့သူတွေအဖို့ ဆိုးတဲ့ နေရာကို ရောက်မှာဖြစ်ပါတယ်။
အသွင်တစ်မျိုးနဲ့ သို့မဟုတ် ပို၍ကောင်းတဲ့ အသွင်၊ ယုတ်ညံ့သွားသော အသွင်တစ်ခုခုနဲ့ နတ်ဆိုရင်လဲ နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လဲ လူ့ဘုံမှာပဲ ပြန်ရောက်၊
တိရစ္ဆာန်ဆိုရင်လည်း တိရစ္ဆာန် တမျိုးမျိုးပဲ ပြန်ဖြစ် ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သည် ၃၁ ထပ် တိုက်ကြီးထဲကတော့ ထွက်လို့ မရပါဘူး။
သည်အတွင်းမှာပဲ ဟိုနေရာရောက် သည်နေရာရောက် အဖန်တလဲလဲ ရောက်နေရတာပါ။
ကဲ .. သည်လိုဆိုရင် မိတ်ဆွေတို့အနေနဲ့ သည်လို အကျဉ်းထောင်နဲ့ တူတဲ့ ၃၁ ထပ် တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက်ကြာကြာ နေနိုင်ကြမလဲ?
သည်တိုက်ကြီးထဲမှာ ဘယ်လောက် ပျော်ပျော်ရွှင်ရွှင် နေရ နေရ၊ စားချင်တာ စားရ၊ လုပ်ချင်တာ လုပ်ရဦးတော့
(ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းခံနေရပါကလား)လို့ သိလာတာနဲ့တပြိုင်နက် သည်သာယာမှုတွေကို နှစ်သက်နိုင်ပါတော့မလား?
သည်လိုပဲ နေသွားချင်မလား?
နေသွားလို့ ရမလား?
စဉ်းစားကြည့်ကြစမ်းပါ။
သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့ လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား။
ဒါကြောင့် မလွတ်လပ်တဲ့ ဘဝမှာ နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပါပဲ။
သည်လို သဘောပေါက်ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ်နေသမျှ ကောင်းတဲ့ ဘဝရောက်ရောက်၊ ဆိုးတဲ့ ဘဝ ရောက်ရောက် ဆင်းရဲခြင်းပဲလို့ မြင်လာနိုင်ပါတယ်။
သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့ ထင်ဟပ်ကြည့်ကြဖို့ပါပဲ။
ဒါဟာ ဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်း အမှန်တရားပါပဲ။
ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏ ဆိုတဲ့ မှတ်သားလို့ရအောင် အမည်တပ်ထားတဲ့ ဝေါဟာရတွေအရ မွေးဖွားရခြင်း၊ ဆင်းရဲ အိုရ နာရ သေရခြင်း ဆင်းရဲဆိုတာတွေကို သာမန်အားဖြင့် နားလည်ထားတာထက် အခု ကျွန်တော် ရှင်းပြခဲ့တဲ့ တရားကိုယ်သဘောကို ရှာကြည့်မှသာ ဆင်းရဲမှု အမှန်တရားကို ရိပ်စားမိကြမှာ ဖြစ်ပါတယ်။
အခု ပြောခဲ့တာတွေဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
အားလုံး သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။
ဒီသစ္စာလေးပါးကို ကျွန်တော် ရှင်းပြပါမယ်။
(၁) ဒုက္ခသစ္စာ
မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။
(၂) သမုဒယသစ္စာ
ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။
(၃) နိရောဓသစ္စာ
ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။
(၄) မဂ္ဂသစ္စာ
သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
ကောင်းစွာ သိမြင်ခြင်း၊
ကောင်းစွာ ကြံစည်ခြင်း၊
ကောင်းစွာ ပြောဆိုခြင်း၊
ကောင်းစွာ ပြုခြင်း၊
ကောင်းစွာ အသက်မွေးခြင်း၊
ကောင်းစွာ အားထုတ်ခြင်း၊
ကောင်းစွာ အောက်မေ့ခြင်း နှင့်
ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။
နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။
ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။
သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်တယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကုရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’
ကျွန်န်ုပ် ပို့ချခဲ့သည့် ဗုဒ္ဓဘာသာအကြောင်း ဟောပြောချက်မှာ အထက်ပါအတိုင်းပင် ဖြစ်သည်။
နောက် ခြောက်လခန့်ရှိသောအခါ ဘဲလွိုက်ကောလိပ်မှ တဖန် ဖိတ်ကြားပြန်ရာ ဤအတိုင်းပင် မိုးမျှော် ၃၁ ထပ်တိုက် ဥပမာကို ဆောင်၍ ဟောပြောခဲ့ပြန်သည်။
ဤအကြိမ်တွင် ဘတ်(က)နဲလ်တက္ကသိုလ်မှာ ဟောစဉ်ကထက် ပို၍ အောင်မြင်၍ ကျွန်ုပ် ဟောပြော အပြီးတွင် ပရိသတ်ထဲမှ ကိုယ်တိုင် ထွက်၍ ချီးကျူးသူများပင် တွေ့ရသည်။
သူတို့ သဘောပေါက်အောင် ဟောပြောနိုင်ခြင်းမှာ ၃၁ ဘုံကို ၃၁ ထပ် မိုးမျှော်တိုက်ကြီး ဥပမာနှင့် ထင်ဟပ်ပြောခြင်းကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာအကြောင်း ဟောပြောသင်ကြား ပို့ချ ဆွေးနွေးရန် အကြောင်းပေါ်တိုင်း ဤဥပမာကိုပင် လက်သုံးပြုပါတော့သည်။
ဟောပြောပွဲတစ်ခု၌မူ ပရိတ်သတ်ထဲမှ ‘ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ် ဆရာကြီး’ ဟုပင် ထပြောသူများ ပေါ်ပေါက်လာသဖြင့် ကျွန်ုပ်အဖို့ ကြည်နူးမိခဲ့ရပါကြောင်း။

ကဲ ဘယ်လောက်ရှင်းလင်းလိုက်တဲ့ ဖွင့်ဆိုမှုပါလဲ။ ဒီစာနဲ့တင် ဆရာကြီး ဦးဖေမောင်တင်ရဲ့ ပညာဥာဏ်ကို အကဲခတ်မိကြလိမ့်မယ် ထင်မိပါတယ်။ နက်နဲလှတဲ့ ဗုဒ္ဓတရားတော်ကို ရှင်းလင်းအောင် ဖွင့်ဆိုသွားနိုင်တာ အင်မတန်ဥာဏ်ကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ။ ဒါပေမဲ့ ပြောစရာတစ်ခုတော့ရှိနေရဲ့။ ဆရာကြီးက ကမ္ဘာ့ပညာရှင်လောကမှာသာ ကျော်ကြားပေမဲ့ ဒါဟာ Celebrity တစ်ယောက် ကျော်ကြားတာမျိုးတော့ မဟုတ်ပေဘူးပေါ့။
ပြီးတော့ ဆရာကြီးကိုယ်နှိုက်ကလဲ ဒီလို ကျော်ကြားမှုမျိုးကို မမက်မောဘူးလို့ ထင်ပါတယ်။ ဒါကြောင့်ပဲ သူ့ဘ၀နောက်ဆုံးအချိန်မှာ သူသံယောဇဉ်ကြီးလှတဲ့ ရန်ကုန်တက္ကသိုလ်နားက အိမ်ငယ်လေးတစ်လုံးမှာ ရောင့်ရဲအေးချမ်းစွာ နေထိုင်သွားခဲ့တာပါ။
မြန်မာတွေ ကမ္ဘာမကျော်ဘူးလို့ပြောချင်ရင် မြန်မာ့ စံထားမှုနဲ့ အနောက်တိုင်းစံထားမှု မတူတာကိုလည်း သတိပြုအပ်ပါ တယ်။ မြန်မာဆိုတာ ရောင့်ရဲတတ်တယ်။ လောဘနည်းတယ်။ ဒီလို ရောင့်ရဲတတ်ဖို့ လောဘနည်းဖို့လဲ အထူးတလည်ကြိုးပမ်းကြတယ်။ နာမည်ကြီးရုံသက်သက် လုပ်ချင်ရင် လုပ်နိုင်တဲ့ မြန်မာပညာကျော်တွေ အမြောက်အများရှိခဲ့ပါတယ်။ နောက်ကြုံရင် ထပ်ရေးပါဦးမယ်။

မကြာခင်လေးကပဲ ရေးဖြစ်တဲ့ ကျနော့်ဆောင်းပါး မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး ကို ဖတ်မိကြမယ် ထင်ပါတယ်။ ဒီဆာင်းပါးဟာ အဲဒီဆောင်းပါးရဲ့ အဆက်လို့လဲ ပြောနိုင်လိမ့်မယ် ထင်ပါတယ်။
ကျနော်ပြောချင်တဲ့သဘောကတော့ မြန်မာတွေကတော်ပြီးသားမို့ ကြိုးစားစရာ မလိုတော့ဘူး မဟုတ်ပါ။ တော်တဲ့ မြန်မာတွေ ရှိတယ်ဆိုတာ ပြလိုခြင်းပဲဖြစ်ပါတယ်။ ဟော့ဒီမှာ ငါတို့လူမျိုးရဲ့ ဗီဇက ဦးဏှောက်က ဒီလိုတော်ခဲ့တယ်။ ဒို့ခေတ်မှာ ကြိုးစားကြရင် ဒို့လည်းဖြစ်နိုင်လိမ့်မယ်လို့ လူငယ်တွေကို ပြောချင်တာ ကျနော့်စေတနာပါ။
ယုတ္တိဗေဒမှာ ရှိပါတယ်။ တစ်ခုနှစ်ခုလောက်ကိုကြည့်ပြီး အလုံးစုံကောက်ချက်ဆွဲချင်လို့ မရပါ။ ဒါဆို ယုတ္တိဗဒနည်းအရ အမှားကျူးလွန်တာပါပဲ။ ငှက်တစ်ကောင်မဲတာမြင်ပြီး ငှက်အားလုံး မဲတယ် ပြောချင်လို့ မရသလို ငှက်တစ်ကောင်ဖြူတာမြင်ပြီး ငှက်အားလုံး ဖြူတယ် ပြောချင်လို့လည်း မရပါဘူး။ ဒါပေမဲ့ ဖြူတဲ့ငှက်တွေရှိတယ် ... စတာမျိုးတော့ ပြောနိုင်ပါလိမ့်မယ်။
ကျနော်ကတော့ လူငယ်တွေ စိတ်ဓာတ်ကျသွားမှာ အင်မတန်စိုးရိမ်ပါတယ်။ အခု ကျနော်တို့မှာ ဘာမှ မရှိတော့ပါ။ လူငယ်တွေ ကြိုးစားချင်အောင် စိတ်ကို အားတက်လာအောင် ညွှန်းဆိုမှု ပေးသင့်တယ်ထင်လို့ ဒီလိုဆောင်းပါးမျိုးကို ရေးပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတာ တော်တဲ့ဗီဇရှိနေလိမ့်မယ်လို့ ရိုးသားစွာ ယုံကြည်နေရိုးအမှန်ပါ။
ဟိုရှေ့ဆောင်းပါးမှာ ကျနော်ပြောခဲ့သလိုပေါ့
လူငယ်တစ်ယောက်ကို ...
သားရေ၊ မင်းက တော်ပါတယ်ကွာ၊ ကြိုးစားလိုက်စမ်းပါလို့ပြောတာ ကောင်းသလား?
ဟေ့ကောင် မင်းညံ့တယ်ကွ၊ ဒါပေမဲ့ တော်အောင်ကြိုးစားစမ်းလို့ပြောတာ ကောင်းသလား?
ဆိုတာ ကျနော့်ကိုယ်ကျနော် အမြဲမေးနေမိတဲ့ မေးခွန်းပဲ ဖြစ်ပါတော့တယ်။
သွန်းနေစိုး
ဆရာ သွန်းနေစိုး facebook မှ ကူးယူဖော်ပြပါသည်

No comments:
Post a Comment