Jul 14, 2012

ကိုယ်တစ်ခြမ်းသေခြင်း (Hemiplegia)

ယခုချိန်အခါများတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှု များကြောင့် မကျန်းမမာ ဖြစ်နေကြသူများ၊ အိပ်ရာပေါ် ကာယကြာရှည်စွာ လဲလျောင်းနေရသူများ၊ သေကြေကြသူများ အဆမတန် များပြားလျက်ရှိသည်။ ထိုသို့သော ခေတ်ကာလ ဝေဒနာများတွင် ကိုယ်တစ်ခြမ်းသေခြင်းဖြစ်ကြရသူများ လည်းတိုးတက်များပြားလာနေသည်။ ကျွန်ုတို့၏ နိုင်ငံတွင် ကိုယ်တစ်ခြမ်းသေသူ လူနာ တော်တော်များများသည် ရောဂါဖြစ်စ တွင် လိုအပ်သော ဆေးဝါးကုသမှုကို ရရှိကြသော်လည်း ရောဂါပျောက်ကင်းသွားပြီးနောက် ဆက်တိုက်ပြုလုပ်ရမည်ဖြစ် သော လေ့ကျင့်ခန်းဖြင့်ဆေးကုသပေးခြင်း (၀ါ) ပြန်လည်ထူထောင်ပေးခြင်း (rehabilitation) တည်းဟူသော နောက်ဆက်တွဲ ကုသမေးမှု မရရှိသည်က များသည်။
အကြောင်းမှာ
(၁) အကြောအဆစ်ပညာရှင်မရှိသော ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရမှုကြောင့် လည်းကောင်း
(၂) အကြောအဆစ်ဌာနရှိသော်လည်း သက်ဆိုင်ရာဆရာဝန်က မညွှန်ကြားမပို့လွှတ် ၍သော်လည်းကောင်း
(၃) ဆေးရုံ၌ရှိစဉ်က အကြောအဆစ်ကုပညာရှင်၏ လာရောက်ကုသပေးမှုကို ရက်အနည်းငယ်မျှ ရရှိလိုက်သော်လည်း ရောဂါအခြေအနေကောင်း၍ ဆေးရုံဆင်းခွင့်ရ သောအခါ အိမ် (သို့) ဇာတိမြို့ရွာသို့ ပြန်သွားသဖြင့် ထိုလူနာအတွက် အမှန်တစ်ကယ် လိုအပ်သော လေ့ကျင့်လှုပ်ရှားမှုများ မခံယူနိုင်၍သော်လည်းကောင်း စသည့်အကြောင်း များကြောင့် ဖြစ်ရလေသည်။
လူနာသည် ပြင်းထန်သော ရောဂါဝေဒနာကြောင့် အသက်မသေသော်လည်း စနစ်တကျ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ကုသခြင်းကို မခံယူရသဖြင့် မသန်မစွမ်းလူ တစ်ယောက်အဖြစ် တစ်သက်လုံး ဖြစ်ရရှာသည်။
ရောဂါအခြေအနေနှင့် ထိခိုက်မှု ဆိုးရွားပြင်းထန်သဖြင့် တစ်သက်လုံး မည်သို့ကုသ ကုသ ပြန်မကောင်းနိုင်တော့သော လူနာအနည်းငယ်ကို ခြွင်းချက်ထားပြီး ဆိုရလျင် ကျန်သော ကိုယ်တစ်ခြမ်းသေလူနာများစွာသည် သူ့လက် သူ့ခြေကို အကောင်းဆုံး မဟုတ်သော်မှ အတော်အသင့် အသုံးချလျက် လုပ်ကိုင်စားသောက်နိုင်သော အခြေအနေတွင်ရှိကြသည်ဖြစ်သည်။
ဆေးကုသမှုရှုထောင့် မှကြည့်လျင်လည်းလူတစ်ယောက်အား အသက်ဘေးမှ ကယ်တင်ပေး နိုင်သော်လည်း မသန်မစွမ်းဖြစ်မှုတည်း ဟူသော ကိုယ်အင်္ဂါ ချွတ်ယွင်းမှုမှ မကယ်တင်ပေးနိုင်ခဲ့သဖြင့် ရာနန်းပြည်အောင်မြင်သည်ဟု မဆိုနိုင်ပေ။ ကုသခြင်းနှင့် တွဲဖက်ပြီး ပြန်လည်ထူထောင် ပေးခြင်းမပြုလုပ်ပေးနိုင်၍ဖြစ်သည်။
မည်သို့ပင်ဖြစ်ပါစေ ကိုယ်တစ်ခြမ်းသေသောလူနာများ အတွက် အောက်ဖော်ပြပါ လေ့ကျင့်လှုပ်ရှားကုသနည်းများသည် မသန်မစွမ်းဖြစ်မှုမှ များစွာ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ကိုယ်တစ်ခြမ်းသေခြင်းအကြောင်းရင်းများ
ကိုယ်တစ်ခြမ်းသေခြင်းသည် လူလတ်ပိုင်းနှင့် လူကြီးပိုင်းတို့တွင် အဖြစ်များပြီးအောက် ပါအကြောင်းများကြောင့် ဖြစ်ရလေသည်။
(၁) ဦးနှောက်သွေးကြောပိတ်သွားခြင်း (Cerebral Thrombosis)
(၂) ဦးနှောက်သွေးကြောပြတ်ခြင်း
(၃) ဦးနှောက်အတွင်း အဖုအကြိတ်ဖြစ်ပေါ်လာခြင်း
(၄) ဦးနှောက်ဗဟိုအာရုံကြောတို့၏ အမြှေးများ ယောင်ယမ်းခြင်း
ရောဂါ၏ပြင်းထန်မှုနှင့် ကိုယ်အင်္ဂါချွတ်ယွင်းမှုတို့သည် ထိခိုက်သွားသောနေရာနှင့် ထိခိုက်မှုအတိုင်းအတာတို့အပေါ် မူတည်နေကြသည်။
ရောဂါလက္ခဏာများ
အဆင့် (၃) ဆင့် ပိုင်းခြား၍ဖေါ်ပြနိုင်လေသည်။
ပထမအဆင့်။  ။ ရောဂါဖြစ်ပုံမှာ ဗြုန်းစားကြီးဖြစ်လေ့ရှိသည်။ အချို့မှာ သတိလက်လွတ်မဖြစ်ပဲ အချို့မှာ ရက်ပေါင်းများစွာ                                 သတိမရဖြစ်နေတတ်သည်။
ဒုတိတအဆင့်။ ။ သတိမေ့နေသောလူနာသည် သတိပြန်ရလာမည်။ ခြေလက်နှင့် (အချို့လူနာများတွင်) မျက်နှာကြွက်သားများလှုပ်ရှားမရပဲ  ပျော့နေမည်။
တတိယအဆင့်။         ။ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ်အတွင်း တတိယအဆင့်သို့ ရောက်လေသည်။
မူလက ပျော့နေသော ကြွက်သားများ ရုန်းကန်ခြင်း (သို့) တင်းလာခြင်း (spasm) ဖြစ်မည်။ ဤအဆင့်တွင် အကြောအဆစ်ပညာရှင်များနှင့် ကုသမှုအခံယူပါက ကြွက်သားများ ရုန်းသွားခြင်း၊ တိုသွားခြင်း နှင့် ခြေလက်ပုံစံ ပျက်ယွင်းခြင်း များ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည်။
ဆီး၊ ၀မ်းများ ထိန်းချုပ်မနိုင်ခြင်းဖြစ်လာနိုင်သည်။ ထိုသို့ ဖြစ်နေစဉ် လူနာသည် အိပ်ယာမှ မထပဲ ဆီးဝမ်းမထိန်းနိုင်သည်သာ ထာဝရဖြစ်သွားနိုင်လေသည်။ လူနာ၏ ဥပတိရုပ်သည် ဦးနှောက်ကို ထိခိုက်သော အတိင်းအတာအရ အပြောင်းအလဲ အနည်းအများရှိမည်ဖြစ်သည်။ လူနာ၏မသန်မစွမ်းဖြစ်မှု အခြေအနေမှာ အထက်တွင် ဖေါ်ပြပြီးသည့်အတိုင်း လူနာ၏ ရောဂါပြင်းထန်မှု အတိုင်းအတာနှင့် အကြောအဆစ်ပညာရှင်၏ စနစ်တကျ ကုသပေးမှုကို အချိန်မှီအရှိ၊ မရရှိမှုအပေါ် တွင် မူတည်ပေသည်။
ကိုယ်တစ်ခြမ်းသေခြင်းဆိုသည်မှာ
          အထက်ဖေါ်ပြပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ဦးနှောက်တစ်ခြမ်းအား ထိခိုက်မှုဖြစ်စေသဖြင့် ယင်းဦးနှောက်တစ်ခြမ်း (၀ဲဘက်၊ ယာဘက်) က ထိန်းချုပ်ထား သော ကိုယ်တစ်ခြမ်းရှိ ကြွက်သားများ လှုပ်ရှားမှု မပြုနိုင်တော့ခြင်းကို ခေါ်လေသည်။
ဝဲဘက်ဦးနှောက်တစ်ခြမ်း၌ ထိခိုက်မှုဖြစ်လျင် ယာဘက်ကိုယ်တစ်ခြမ်းသေ၍ ယာဘက် ဦးနှောက်တစ်ခြမ်းထိခိုက်လျင် ၀ဲဘက်တစ်ခြမ်းသေခြင်းများ ဖြစ်ရလေသည်။ အကြောင်းမှာ ဦးနှောက်နှစ်ခြမ်းသည် ခန္ဓာကိုယ်အား ကြက်ခြေခတ်ဖြတ်လျက်ရှိသော အာရုံကြောများဖြင့် ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။
ကိုယ်လက်လှုပ်ရှားကုသနည်းများ
အကယ်၍ လူနာသည် သတိမရဖြစ်နေပါက ညင်သာသော ခြေလက်လှုပ်ရှားပေးမှုများ (ကွေးဆန့်ပေးခြင်းများ) (Passive Movement) ကို အဆစ်တိုင်းအတွက် တစ်ယောက် ယောက်က ပြုလုပ်ပေးရမည်။ ဤသို့ပြုလုပ်ပေးရန် ဆရာဝန်၏ ခွင့်ပြုချက် ရယူရမည်။ လူနာတွင် အဆုပ်နှင့် ပါတ်သက်သော ရောဂါ နောက်ဆက်တွဲများ (chest complication) ရှိလာပါက ကိုယ်နေကိုယ်ထားဖြင့် သလိပ်ထွက်စေခြင်း (Postral Deange) လက်ဖြင့် ရိုက်ပုတ်ပေးခြင်း (Percussion)  နှင့် စက်ဖြင့် သလိပ်စုပ်ထုတ်ခြင်း (Suction)  များ ပြုလုပ်ပေးရန် လိုအပ်သည်။
လူနာအနေဖြင့် ကောင်းစွာသတိရလာသောအခါ အောက်ပါကုသနည်းများဖြင့် ဆက်လက်ဆောင်ရွက်ပေးရမည်။
(၁) လူနာအား ရှင်းလင်းပြောပြ၍ အားပေးခြင်း
(Explanation Re-Assurance to the patient)
လူနာအား ရောဂါအကြောင်း၊ မသန်မစွမ်းဖြစ်တည်မှု အကြောင်းများနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ရှင်းလင်းပြောရန် အရေးကြီးသည်။ သို့မှသာ လူနာသည် မိမိရောဂါအခြေအနေနှင့် ယာယီမသန်မစွမ်းဖြစ်ရမှုတို့ကို နားလည်သဘောပေါက်ပြီး လျင် မိမိအနေဖြင့် မည်သို့သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ကို အလေးအနက် သဘောပေါက်သိရှိလာမည် ဖြစ်သည်။ နားမလည်ခြင်း၊ မသိရှိခြင်းတို့မှ ပေါ်ပေါက်လာတတ်သော စိုးရိမ်းကြီးခြင်း၊ အားငယ်ခြင်း၊ ၀မ်းနည်းခြင်း၊ ရှက်ခြင်း၊ မျှော် လင့်မထားခြင်း၊ ဆေးကုသမှုအပေါ် စိတ်ဝင်စားမှု မရှိခြင်း၊ ကုသပေးသူဆရာနှင့် အတူ ပူးပေါင်းဆောင်ရွက်လိုစိတ် နည်းပါခြင်း စသည့် မလိုလားအပါသော အကျိုးတရားများအားဖယ်ရှား ပစ်နိုင်မည်လည်းဖြစ်သည်။
ကိုယ်တစ်ခြမ်းသေသောလူနာများအား ကုသမှုပေးရာတွင် ရုပ်ပိုင်းသက်သက် (ခြေ၊ လက်) တို့ကို သာကုသပေးရခြင်းမျိုးမဟုတ်ပဲ စိတ်ပိုင်း( ဦးနှောက်၊အာရုံကြော) ဆိုင်ရာကုသခြင်းမျိုးလည်း ဆောင်ရွက်ရလေသည်။
စိတ်ပိုင်းနှင့်ပတ်သက်၍ လူနာအား အားပေးခြင်း၊ ယာယီမသန်မစွမ်းဖြစ်မှုကို ဖြေသိမ့်ပေးခြင်း၊ ရောဂါအခြေအနေပြန်ကောင်းလာမည့် မျှော်လင့်ချက်များပေးခြင်း၊ လေ့ကျင့်ကုသမှုကို စိတ်ပါဝင်စားစွာပြုလုပ်နိုင်အောင် ဆွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်ရပါမည်။
ဤသို့ပြုလုပ်ပေးရန် ရောဂါ၏ အဆင့်တိုင်းတွင်လည်းကောင်း ၊ ကုသမှုအဆင့် တိုင်းတွင် လည်းကောင်း မလုပ်မနေလိုအပ်သည်။

(၂)အဆစ်ခိုင်ခြင်း၊ ကြွက်သားများရုန်းသွားခြင်းမှ ကာကွယ်ခြင်း
 (Prevention of Stiffness and Contractures)
          ကိုယ်တစ်ခြမ်းသေသော လူနာများသည် ရောဂါဖြစ်စအချိန်မှ နာလန်ထချိန် အထိ အချိန်ကာလ တော်တော်ကြာကို အိပ်ရာပေါ်၌လဲလျောင်းနေကြရသည် ဖြစ်ရာ မလှုပ်မရှားနေမှု ၊ ကိုယ်ခန္ဓာအနေအထား မမှန်ကန် မှု၊ စနစ်တကျ လေ့ကျင့်လှုပ်ရှားမှုများ မရှိခြင်းစသည့် အကြောင်းများကြောင့် အဆစ်များ ခိုင်သွားခြင်း၊ ကြွက်သားများရုန်းသွား ၊ တိုသွားခြင်းများ ဖြစ်လာတတ်ကြပေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ရောဂါကြောင့် တိုက်ရိုက်ဖြစ်လာရခြင်းမဟုတ်ပဲ လူနာအား စနစ်တကျပြုစု ကုသမှု မပြုလုပ်ပေးသဖြင့် ပေါ်ပေါက်လာရသော ဒုတိယအကျိုးဆက်မျှသာ ဖြစ်ရာ ကာကွယ်ကုသ၍ ရနိုင်ပေသည်။
          ဖေါ်ပြပါအကျိုးအဆက်များ ဖြစ်ပေါ်မလာမီက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြသော် လည်း ပြုစုကုသပေးသူတို့၏ ပေါ့ဆမှုတို့ကြောင့် ဆိုးများရလာပြီးဆိုသောအခါ သက်ဆိုင်ရာ လူနာအဖို့ များစွာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရမည် ဖြစ်သည်။သို့ဖြစ်ရာ ဖြစ်လာမှ ဘုရားတခြင်း၊ မျက်လုံးမျက်ဆံ ပြူးလျက် ဟိုဟာလုပ် ဒီဟာလုပ်ပြုလုပ်ကြ မည့်အစား ဆိုးကျိုးများ မဖြစ်ပေါ်မီကတည်းက ဖြစ်လာမည်ဆိုသည်ကို သေချာနှလုံး သွင်းယုံစားလျက် ကြိုတင်ပြုစုပေးခြင်း၊ လေ့ကျင့်လှုပ်ရှားပေးခြင်းများ အချိန်မီ ပြုလုပ် ပေးကြရမည်ဖြစ်သည်။
ကိုယ်နေကိုယ်ထား မှန်ကန်မှု ရှိစေခြင်း
          လူနာသည် အိပ်ရာ ပေါ်၌သတိရလျက်ဖြစ်စေ၊ သတိကင်းလွတ်လျက်ဖြစ်စေ လဲလျောင်းနေပါက ကိုယ်နေကိုယ်ထားမှန်ကန်မှု (Correct Posture in Bed) ရှိစေရန် ဂရုပြုထားရပေမည်။ ကိုယ်တစ်ခြမ်းသေသော လူနာများ၌ ကိုယ်နေကိုယ်ထား မမှန်မှု တို့ကြောင့် ဖြစ်တတ်သော ချွတ်ယွင်းမှုများမှာ……..
          လက်အတွက်………..
          လက်ပြင်အတွင်းသို့ ၀င်သွားခြင်း
          ပုခုံးကပ်သွားခြင်း
          တံတောင်ဆစ် ကပ်သွားခြင်း
          လက်ဖ၀ါး၊ လက်ဖျံ လှန်မရခြင်း
          လက်ကောက်ဝတ်၊ လက်ချောင်များ ကွေးခြင်းတို့ ဖြစ်သည်။

          ခြေထောက်အတွက်…..
          ခြေဖ၀ါး အောက်သို့ ကုပ်ကျသွားခြင်း
          ခြေဖ၀ါး အတွင်းသို့ လန်သွားခြင်း
          ဒူးကွေးမရခြင်း
          ပေါင်ကွေး၍ ကပ်သွားခြင်း
          ခြေထောက်အပြင်သို့ လည်နေခြင်းဖြစ်ကြသည်။

လက်ချွတ်ယွင်းမှုကို ကာကွယ်ရန်
          လက်ပြင်အတွင်းသို့ မ၀င်သွားစေရန်၊ ပုခုံးမကပ်စေရန် ကိုယ်၏ဘေး၌ ခေါင်းအုံး ပျော့ပျော့ (နိမ့်နိမ့်) ထားလျက် လက်ကို အနည်းငယ်ကားလျက် တင်ထားပေးပါ။
          တံတောင်ဆစ်အား ကွေးမနေစေဘဲ ဆန့်ဆန့်ထားပေးပါ။
          လက်ဖ၀ါးကို မှောက်မထားပဲ ပက်လက်လှန်ထားပေးပါ။
          လက်ချောင်းများ ၊ လက်ကောက်ဝတ်များအား ဖြန့်လျက် ဆန့်ဆန့်ရှိနေစေရန် သဲအိတ်ပျော့ပျော့ (သိပ်မလေးစေရ) ဖိ၍ ဆန့်ထားပေးပါ။
          နောက်တစ်နည်းအနေဖြင့်လက်တွင်ရှိသော အဆစ်တိုင်းအား အပြည့်အ၀ကွေး ခြင်း ၊ ဆန့်ခြင်း၊ အတွင်းအပြင်လှည့်ခြင်း၊ ချခြင်း၊ လက်ဖ၀ါး လက်ဖျံ မှောက်ခြင်း၊ ချခြင်း၊ ဘေးသို့ ကားခြင်း၊ ပြန်ယူခြင်းများ အနည်းဆုံး တစ်နေ့ သုံးကြိမ် ပြုလုပ်ပေးရမည်။

ခြေထောက် ချွတ်ယွင်းများအား ကာကွယ်ရန်
          ခြေဖ၀ါးအား အောက်သို့ ကုပ်ကျမနေစေရန်၊ ခြေဖ၀ါးကို မတ်မတ် 90 ဒီဂရီ အနေအထားဖြင့် အောက်မှ သစ်သားတန်းခံပေးပါ။
          ခြေဖ၀ါး အတွင်းသို့ လန်မနေစေရန် ဖ၀ါးနှင့် သစ်သားတန်း (သို့) သဲအိတ်တို့ကို မျက်နှာပြင်တထပ်တည်းကျ အောင် ထားပေးပါ။
          ဒူးကို အပြည့်အ၀ ကွေးနိုင်စေရန် အကွေးအဆန့်များ ပြုလုပ်ပေးပါ။
          ပေါင်ကွေးမနေစေရန် နှင့် အတွင်းသို့ ကပ်မနေစေရန် ဒူးထောင်လျက်၊ ပေါင်ကွေးလျက် ကြာကြာနေခွင့် မပြုရ။ ပက်လက်အိပ်နေစဉ် ခြေထောက်ကို အနည်း ငယ် ကားထားရမည်။
          ခြေထောက်အပြင်သို့ လည်လျက်လန်မနေစေရန် ခြေထောက်၏ အပြင်မှ လုံးသော အ၀တ်( သို့) သဲအိတ်များခံပေးထားရမည်။
          နောက်တစ်နည်းအနေဖြင့် ခြေချင်းဝတ် ( Ankle)  ကို ကော့တင်ခြင်း၊ ဒူးကွေးခြင်း။
          ခြေထောက်ကို အတွင်းဘက်သို့လည်းကောင်း၊ အပြင်ဘက်သို့လည်းကောင်း လှည့်ပေးခြင်းများ ပြုလုပ်ပေးရမည်။

(၃)စကား မပြောနိုင်ခြင်း
(Speech Defect)
          ကိုယ်တစ်ခြမ်းသေသော လူနာတိုင်း စကားပြောခြင်း မထိခိုက်သော်လည်း အချို့သော လူနာများတွင် စကားပြောမရခြင်း ဖြစ်တတ် လေသည်။ ဤချွတ်ယွင်းမှု တစ်ခုတည်းနှင့်ပင် လူနာသည် များစွာ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း စိုးရိမ်မှု လွန်ကဲခြင်း ရှက်ခြင်း၊ ၀မ်းနည်းခြင်းများ ဖြစ်ရတော့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဦးနှောက်အတွင်းရှိ စကားပြောသော အစိတ်အပိုင်း (Speech Center) ကို ထိခိုက်မှုဖြစ်သွား၍ ဖြစ်သည်။ ယင်းကိုလည်း ပြန်လည်သင်ကြား (Re-education) အားဖြင့် လေ့ကျင့်ကုသပေးနိုင်ပါသည်။
          အခြားသော နိုင်ငံများတွင် စကားပြောချွတ်ယွင်းခြင်းကို ကုသပေးသော ကျွမ်းကျင်သူများ(Speech Therapists) ရှိ သော်လည်းကျွန်ုပ်တို့ နိုင်ငံတွင် ထိုပညာရှင် ထိုပညာရှင်မျိုး အနည်းငယ်မျှသာ ရှိသေးရာ အများအားဖြင့် အကြောအဆစ်ပညာရှင်များကသာ ကုသပေးနေရသည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ လက်ရှိ လုပ်ပေးနိုင်သော အနေအထားမှာ……
          လူနာအား ( စကားမပီသည်ဖြစ်စေ၊ထစ်သည်ဖြစ်စေ) မိမိတတ်နိုင်သရွေ့ အသံ ထွက်ခြင်း၊ ပြောခြင်းပြုလုပ်ရန်အားပေးခြင်း…….
          လူနာအား အမည်၊ အသက်၊ ဇာတိမြို့ရွာ၊ မိဘရှိ၊ မရှိ၊ မိအမည်၊ အိမ်ထောင်ရှိ မရှိ၊ ဇနီးခင်ပွန်းအမည်၊ သားသမီးအရေအတွက် စသည်တို့ကို မေးမြန်းခြင်းဖြင့် စကား ပြောစေရန် ဆွဲဆောင်စေခြင်း။
          လွယ်ကူသော အသံထွက်များ (ဥပမာ- ပ၊ ဖ၊ ဗ၊ ဘ၊ မ) ကို နှုတ်အမူအရာ လုပ်ပြ၍ သင်ကြားပြသပေးခြင်း။
          လူနာစောင့်များအား (ဆွေမျိုးများအား) လူနာနှင့် ပြောဆိုဆက်ဆံခြင်း ( စကား ပြောခြင်း) ပြုလုပ်ပေးရန်တိုက်တွန်းခြင်း။
          လူနာသည် စာဖတ်တတ်သူဖြစ်က သတင်းစာ၊ စာစောင်များအသံထွက်ဖတ် ကြည့်ရန် အကြံပေးခြင်း၊ ဘုရားစာ သီချင်းများ ရွတ်ဆိုကြည့်ရန် အကြံပေးခြင်း စသည် တို့ဖြစ်ပါသည်။ ဤသို့ ဆွဲဆောင်ခြင်း၊ တိုက်တွန်းခြင်း၊ ခိုင်းစေခြင်း၊ အကြံပေးခြင်းပြု လုပ်ရာတွင် လူနာ၏စိတ်ပိုင်း၊ ရုပ်ပိုင်းအခြေအနေကို ကြည့်ပြီးသင့်တော်သလို စီစဉ်သင်ကြားပေးရမည် ဖြစ်သည်။ လူနာအား များစွာ ပင်ပန်းစေခြင်း၊ စိတ်ညစ်စေခြင်း ခက်ခဲစေခြင်းများ မဖြစ်စေရ။ မကြာခဏ အနားပေးခြင်း၊ အာရုံလွှဲပြောင်းခြင်း၊ ရယ်မောခြင်းများ ပြုလုပ်ပေးရမည်ဖြစ်၏။

(၄) မျက်နှာတစ်ခြမ်းသေခြင်း
          ကိုယ်တစ်ခြမ်းသေသောလူနာတစ်ချို့တွင် မျက်နှာတစ်ခြမ်းသေခြင်း ဖြစ်တတ် ပေသေးသည်။ ယင်းကိုလည်း ကြာရှည်ပစ်မထားဘဲ လေ့ကျင့်ကုသပေးရန် အရေးကြီးသည်။ ယင်းကို အကြောအဆစ်ကု ပညာရှင်မှ ဂရုစိုက် ကုသပေးပေလိမ့် မည်။

(၅) အသက်ပြင်းပြင်းရှူခြင်း
          ကိုယ်တစ်ခြမ်းသေသော လူနာများတွင် အဆုတ်ရောဂါ တွေ့ရှိရမှုများ (Chest complications) ဖြစ်တတ်လေရာ လူနာအား သတိပြန်ရလာသော အချိန်မှစ၍ အသက် ပြင်းပြင်းရှူသွင်းခြင်း၊ ရှူထုတ်ခြင်းများ ပြုလုပ်စေရန် တိုက်တွန်းပြောကြားရ ပေမည်။

(၆) ထိုင်ရန်လေ့ကျင့်ခြင်း
          ရောဂါအခြေအနေသက်သာလာ၍ ဆရာဝန်ခွင့်ပြုသောအခါ လူနာအားစောနိုင် သရွေ့ စောစီးစွာအထိုင်သင်ပေးရန် အရေးကြီးပေသည်။ အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ။
          လူနာအား ပက်လက်အနေအထားမှ ကြိုးစားထိုင်ကြည့်ရန်ပြောလျက် ပုခုံးနှစ်ဖက်မှ အနည်းငယ်မပေးပြီး ခေါင်းအုံး တစ်လုံးသွင်းပေးပါ။
          ထို့နောက် ခေတ္တနားပြီး နောက်ထပ်ထိုင်ရန် ကြိုးစားစေလျက် ခေါင်းအုံးတစ်လုံး ထပ်သွင်းပေးပါ။ ဤသို့ဖြင့် လူနာသည် တစ်ဝက်ထိုင်အနေအထား (Semi-position) ရှိလာမည်။
          လူနာ၏အခြေအနေအရ တစ်ဝက်ထိုင်အနေအထားမှ မတ်မတ်ထိုင်လျက် အနေအထားအထိ တဖြည်းဖြည်းတိုးတက် ပြုလုပ်ပေးရမည်။ ပထမတွင် လူနာထိုင်စေ ရန် ဘေးမှ ကူညီပေးရမည် ဖြစ်သော်လည်း တဖြည်းဖြည်း အကူအညီပေးမှုကို လျှော့သွားရမည်။ သို့နှင့် လူနာသည် သူ့ဘာသာသူ ထိုင်နိုင်လာမည်ဖြစ်သည်။ ကောင်း သောလက်နှင့် ကောင်းသောခြေထောက်ကို အတတ်နိုင်ဆုံး အသုံးပြုစေရမည်။ ထိုင်ရာတွင်ခြေကို ကျဲထားပေးခြင်းဖြင့် ထိုင်ရလွယ်ကူစေနိုင်ပါသည်။

မှတ်ချက်။       ။ လူနာအားထိုင်ထားစဉ် လူနာအနီး၌ အနည်းဆုံးလူကြီးတစ်ယောက်ရှိ နေစေရမည်။ သို့မှသာ လူနာလဲကျခြင်း၊ လိမ့်ကျခြင်းမှ စိတ်ချရမည်ဖြစ်သည်။ ခက်ခဲသော လေ့ကျင့်ခန်းများ အနေအထား ပြုလုပ်တိုင်းလူနာအား ပစ်မထားရန် အထူးဂရုပြုရမည်။ ကျောမှီပါသော ထိုင်ခုံ ၊ လက်တန်းပါသော ထိုင်ခုံများသာ အထိုင် လေ့ကျင့်ရန်ကောင်းမွန်စိတ်ချရမည်ဖြစ်သည်။
လူနာသည် သူ့ဘာသာ ထိုင်နိုင်သောအခါ ငြိမ်ငြိမ်လေး ထိုင်မနေဘဲ လက်တစ်ဖက် မြှောက်ကြည့်ခြင်း ပြုလုပ်ကြည့်ရမည်။ လက်တစ်ဖက်မြှောက်ထိုင်နိုင်သောအခါ နှစ်ဖက်မြှောက်လျက် ထိုင်နိုင်အောင်ကြိုးစားပါ။ ဤသို့ဖြင့် ပိုမိုမြဲမြံစွာ ထိုင်နိုင်လာမည် ဖြစ်သည်။

(၇) မတ်တတ်ရပ်လေ့ကျင့်ခြင်း
          လူနာသည် မြဲမြံစွာ ထိုင်နိုင်လာပြီဆိုသောအခါ မတ်တတ်ရပ်ရန် တစ်ဆင့် တိုးတက်ပေးရမည်။ မတ်တတ်ရပ်စတွင် လူနှစ်ယောက်၏ အကူအညီဖြင့် ခုတင်၏အနီးတွင်သာ ရပ်ကြည့်ရမည်။ လူနာရပ်နေစဉ် ခြေဖ၀ါးနှစ်ခုသည် အနည်းငယ် ချဲထားရမည်။ ဖြစ်သောဘက်မှ ကွေးညွတ်နေသည့်ဒူးအားကူညီမည့်သူ သည် လူနာ၏ ကိုယ်တစ်ခြမ်းသေသောဘက်မှ ရပ်လျက် လူနာအား ချိုင်းသို့လည်းကောင်း၊ ခါးကို သိုင်းဖက်လျက်သော်လည်းကောင်း၊ ကိုင်တွယ်ထားရမည်။ လူနာအား ဖြောင့်ဖြောင့်မတ်မတ် (ရင်ကော့လျက်အနေအထားဖြင့်) ရပ်နေစေရန် ပြုပြင်တိုက် တွန်းပြောကြားပေးပါ။ ကွေးညွတ်နေသော ဒူးအား ကူညီသူ၏ ခြေထောက်ဖြင့် တွန်းထားပေးရာမှ တစ်ခါတစ်ရံ လျှော့ကြည့်လျက် လူနာကို မိမိဘာသာ ဒူးဆန့်နိုင်အောင် ကြိုးစား လုပ်ခိုင်းရမည်။
          ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပေးခြင်း တစ်ကြိမ်လျင်  ၂ မိနစ်ခန့်မှ တဖြည်းဖြည်းတိုးတက်လျက် ၅ မိနစ်မှ ၁၀ မိနစ် အထိ ရပ်ပေးခြင်းအားဖြင့် လူနာသည် မတ်တတ်ရပ်နိုင်လာမည်ဖြစ်သည်။
မှတ်ချက်။       ။ လူနာအား လဲကျခြင်းမဖြစ်စေရန် အထူးဂရုစိုက်ပါ
                    အကြောင်းမှာ တစ်ခါလဲကျလျင် နောက်နောင်ပြန်ရပ်ခိုင်းရန် မလွယ်ကူတော့ပေ။ လူနာသည် အကြောက်လွန်ကဲသွားတတ်သောကြောင့် ဖြစ်သည်။

(၈) လမ်းလျှောက်လေ့ကျင့်ခြင်း
(Balance in walking)
          မတ်တတ်ရပ်ခြင်းစိတ်ချရသောအခါ လမ်းလျှောက်စရမည်။ မတ်တတ်ရပ်လေ့ကျင့်ခြင်းနှင့် လမ်းလျှောက်လေ့ကျင့်ခြင်းတို့အား ဖြစ်နိုင်က တန်းဘားနှစ်ခုကြား (Paralleal Bar) ပြုလုပ်ပေးနိုင်က ပို၍ကောင်းမွန်ပါသည်။ အကယ်၍တန်းဘားမရှိက ပုံတွင်ပြထားသည့်အတိုင်း ကူညီသူတစ်ယောက် (သို့) နှစ်ယောက် ဖြင့်ပူးတွဲလေ့ကျင့်ပေးနိုင်လေသည်။
          လူနာသည် ကောင်းသောဘက်၌လူတစ်ယောက်အား တွဲထားခြင်းဖြင့်လည်းကောင်း၊ တုတ်ကိုင်လျက်လည်းကောင်း ရှိစေပြီးဖြစ်သောဘက်၌ကား ကူညီသူတစ်ဦးရှိနေရမည်ဖြစ်သည်။ ပထမ ဦးစွားကောင်းသောဘက်မှ ခြေထောက်အား စလှမ်းရမည်။ ထိုနောက် ဖြစ်သောဘက်မှ ခြေထောက်အား ရှေ့သို့ လှမ်းခိုင်းပါ။ လူနာက မလှမ်းနိုင်လျင် ကူညီသူက ပုံတွင်ပြထားသည့်အတိုင်း သူ့ခြေထောက်ဖြင့် တွန်းလျက်ရွှေ့ပေးလိုက်ပါ။ ဖြစ်သောခြေထောက်ကို ရှေ့သို့ တွန်းရွှေ့ပြီးလျင် လူနာသည် ထိုခြေထောက်ပေါ်၌ ရပ်နိုင် (နင်းနိုင်) စေရန် ကူညီသူက ဒူးချင်းတိုက်ပေးမည်။ သို့မှသာ လူနာ၏ဒူးသည် ညွတ်ကျမသွားမည်ဖြစ်သည်။
          ဤသို့ဖြင့် လူနာသည် ခြေထောက်ကို အသုံးပြုပြီး တုတ်အကူအညီဖြင့် ဖြစ်စေ၊ အလွတ်ဖြစ်စေ လမ်းလျှောက်လာနိုင်မည် ဖြစ်သည်။

(၉)လက်ကိုပြန်လည်အသုံးချနိုင်ရန် လေ့ကျင့်ကုသခြင်း
          လက်သည် ခြေထောက်ထက်ပြန်ကောင်းလာမှု (Recovery) နောက်ကျတတ်လေသည်။ လေဖြတ်၍ ကိုယ်တစ်ခြမ်းသေသောသူများသည် ခြေထောက်ကို လက်ထက်ပို၍ုစောစီးစွာအသုံး ချ နိုင်သည်။ မည်သို့ဆိုစေ လူသည် ခြေထောက်ပေါ်တွင်အားပြုလျက် သွားလာလှုပ်ရှားပြီးလျင် လက်နှင့် လုပ်ကိုင်ဆောင်ရွက်ရသော သတ္တ၀ါဖြစ်ရာ ရောဂါဖြစ်ချိန်မှစ၍ လက်ကို အမြဲတမ်းဂရုစိုက် ပြုစုလေ့ကျင့်ကုသပေးနေရမည်ဖြစ်သည်။
          လက်ဟုဆိုရာတွင် ပုခုံးဆစ်မှ စ၍ လက်ဖျားလေးများအထိကို ဆိုလိုသည်။ လက်ကို ဂရုစိုက် ရာတွင် ကြွက်သား သေးသေးလေးများဖြင့် ဖွဲ့စည်းထားသော လုပ်ကိုင်လှုရှားမှုအများ ဆုံး ပြုလုပ်ရ သော ကျွမ်းကျင်မှုလိုအပ်သော လက်ချောင်းလေးများကို အထူးဂရုပြုရမည်မှာ သဘာဝကျပါသည်။ အကြောင်းမှာ ကြွက်သားသေးသေးလေးများသည် ရှုပ်ထွေးခက်ခဲသိမ်မွေ့သောတာဝန်ကို ထမ်းဆောင်နိုင်သည်နှင့် အမျှ လျင်မြန်စွာထိခိုက်ပျက်စီးလွယ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ လူနာသတိကင်းလျက်ရှိသည်ဖြစ်စေ၊ သတိရလျက်ရှိစဉ်ဖြစ်စေ လက်ချောင်းလေးများ ကွေးပေးခြင်း၊ ဆန့်ပေးခြင်း၊ ဖြန့်ကျဲပေးခြင်း၊ ပြန်စုခြင်း၊ လက်သီးဆုပ်ခြင်း၊ ဖြေခြင်း၊ လက်ကောက်ဝတ် ကော့ခြင်း၊ ကုပ်ခြင်းများ နေ့စဉ်ပြုလုပ်ပေးရမည်။ အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည့် လက်ချွတ်ယွင်းမှုများအား ကာကွယ်ရန်အတိုင်းတိကျစွာ ပြုလုပ်ပေးပါ။
          လက်ပြန်ကောင်းလာရာတွင် အများအားဖြင့် အရင်းပိုင်း (Proximal Part)  မှ စ၍ ကောင်းလာတတ်သည်။ ပထမ ပုခုံး လက်မောင်းလှုပ်လာနိုင်မည်။ ထိုနောက် တံတောင်ဆစ် လှုပ်ရှား လာနိုင်မည်။ ထိုနောက်မှ လက်ကောက်ဝတ် ၊ လက်ချောင်းလေးများစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကောင်းလာပေမည်။
မှတ်ချက်။       ။ လက်ချောင်းလှုပ်ရှားမှုများပြုလုပ်ရာတွင် အဆစ်တိုင်း ဥပမာ- လက်မ၌ နှစ်ဆစ်၊ ကျန်လက်ချောင်းများ၌ သုံးဆစ်စီအား တစ်ခုစီလည်းကောင်း၊ အားလုံးခြုံ၍လည်းကောင်း လှုပ်ရှားပေး ရမည်။ လက်မသည် အရေးအကြီးဆုံး လက်ချောင်းဖြစ်ရာ လက်မလှုပ်ရှားမှုများအား ပေါ့လျော့မထား ရန် သတိပြုပါ။
          ခြေလက်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော အသားနာခြင်း၊ အဆစ်နာခြင်းတို့သည် လှုပ်ရှားမှုနည်းပါးရာမှ ပြန်၍လှုပ်ရှားမှုပြုလုပ်သဖြင့် နာခြင်းဖြစ်ရာ စိုးရိမ်စရာ မလိုချေ။ လှုပ်ရှားပေးခြင်းဖြင့် တဖြည်းဖြည်းသက်သာလာမည်ဖြစ်သည်။ အလွန်နာသော (သို့) တင်းသော ကြွက်သားများအား ရေနွေး ခပ်နွေးနွေး ကပ်စေလျက် သက်သာမှု ရစေနိုင်ပါသည်။

No comments:

Post a Comment