အလုပ်လက်မဲ့ လူငယ်လေးတစ်ယောက်ဟာ အမေရိကန် ကုမ္ပဏီကြီး တစ်ခုမှာ 'ရုံးအကူ' ရာထူးကို လာလျှောက်ခဲ့ပါတယ်။
အလုပ်ရှင်က သူ့ကို အင်တာဗျူးမေးပါတယ်။ ပြီးတော့ လို အပ်တာတွေ စစ်ဆေးမေးမြန်းပြီး ... "မင်းကို အလုပ်ခန့်လိုက်ပြီ.. ဒီတော့မင်း အီးမေးလ်လိပ်စာ ငါ့ကို ပေး၊ ငါ မင်းကို လိုအပ်တဲ့ စာရွက်တွေ ဖြည့်ဖို့ ပို့လိုက်မယ်။ မင်းဘယ်တော့ အလုပ်စလုပ်မလဲ ဆိုတာပါ ဖြည့်ပြီး ပြန်ပို့လိုက်ကွာ" လို့ပြောသတဲ့။
ဒါနဲ့ လူငယ်က "ကျွန်တော့်မှာ ကွန်ပျူတာလဲ မရှိဘူး...အီးမေးလ်လဲ မရှိပါဘူးခင်ဗျာ" လို့ပြန်ဖြေသတဲ့။
ဒီတော့ အလုပ်ရှင်က "ဒီလိုဆိုရင်တော့ စိတ်မကောင်းပါဘူး...မင်းမှာ အီးမေးလ် လိပ်စာ တောင် မရှိရင်တော့ မင်းရှိတယ်လို့ သတ်မှတ်လို့ မရဘူး...မင်းကို အလုပ်ခန့်ဖို့ လဲ မဖြစ်နိုင်ဘူး" လို့ ပြောလိုက်တယ်။
ဒါနဲ့လူငယ်လဲ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့တယ်။ သူ ဘာဆက်လုပ်ရမှန်းမသိပါဘူး... သူ့အိတ်ကပ်ထဲမှာ ဒေါ်လာ ၁၀ ပဲရှိတယ်လေ။
အဲဒီနောက် လူငယ်ဟာ ခြေဦးတည့်ရာ လျှောက်လာရင်း ဈေးဆိုင်နားကို ရောက်လာခဲ့တယ်။ အဲဒီမှာ ၁၀ ကီလို အာလူးအိတ်တွေကို ၁၀ ဒေါ်လာနဲ့ ရောင်းတာတွေ့တယ်။ ဒါနဲ့ သူလဲ အဲဒီ အာလူးအိတ်ကို ၀ယ်လိုက်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း အာလူးတွေ ရောင်းခဲ့တယ်။ ၂ နာရီ လဲကြာရော... သူ့အရင်းထက် ၂ ဆ ပိုရလာခဲ့တယ်။ ဒါနဲ့ သူက အဲလို မျိုး ၃ ခါ ပြန်ဝယ် ပြန်ရောင်းလုပ်လိုက်တာ အိမ်ပြန်တော့ ဒေါ်လာ ၆၀ ရလာခဲ့တယ်။ ဒါနဲ့လူငယ်က သူဒီလိုနဲ့ စီးပွားရှာတာ အကျိုးရှိတယ်ဆိုတာ နားလည်သွားပြီး နေ့တိုင်း စောစောထပြီး ၀ယ်လိုက် တနေကုန်ရောင်းလိုက်နဲ့ ညဆို နောက်ကျမှ ပြန်လာတယ်။ သူ့ပိုက်ဆံက နေ့တိုင်း ၂ဆ ၃ဆ တိုးပွားလာခဲ့တယ်။ သိပ်မကြာခင်ပဲ သူဟာ လှည်း တစ်စီး၊ ကုန်တင်ကား တစ်စီးနဲ့ ကိုယ်ပိုင် ပစ္စည်းပို့ ယာဉ် တွေ ၀ယ်လာနိုင်ခဲ့တယ်။
၅နှစ်လဲ ကြာရော သူဟာ အမေရိကန်နိုင်ငံ မှာ အကြီးဆုံး စားသောက်ကုန်လုပ်ငန်း ပိုင်ရှင်တွေထဲက သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့တယ်။ သူဟာ သူမိသားစု ရှေ့ရေး အတွက် အစီအစဉ်တွေ ချမှတ်လာနိုင်ခဲ့တယ် ။ ပြီးတော့ သူ့အသက်အာမခံဝယ်ဖို့လဲ ဆုံးဖြတ်လိုက်တယ်။
သူက အာမခံပွဲစားကို ဖုန်းဆက်တယ်...ပြီးတော့ အာမခံ စီမံချက် အကြောင်းတွေ မေးတယ်။ ဒါနဲ့ စကားလဲ ဆုံးရော ပွဲစားက သူ့ရဲ့ အီးမေးလ် လိပ်စာ တောင်းတယ်။ လူငယ်က ပြန်ပြောတယ်"ငါ့မှာ အီးမေးလ် လိပ်စာ မရှိဘူးကွ..." ဒါနဲ့ ပွဲစားက လူငယ်ကို အီးမေးလ် လိပ်စာတောင် မရှိတာ ဘယ်လို စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါသလဲ လို့ မေးပါတယ်။ ပြီးတော့ တစ်ဆက်တည်း " သူဋ္ဌေးမင်းမှာ အီးမေးလ် ရှိခဲ့ရင် ဘာဖြစ်လာမယ်လို့ ထင်ပါသလဲ" လို့  ရုတ်တရက် မေးလိုက်ပါတယ်။
လူငယ်က ခဏ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တာက "ရုံး အကူဝန်ထမ်း ပဲ ဖြစ်လာမှာပေါ့ " တဲ့။
မူရင်း ၊ ၊ An Office Boy by Stephen, June 17,2011

No comments:
Post a Comment