Oct 27, 2011

လူမျိုးရေး ခွဲခြားကြောင်း စွပ်စွဲချက်များ အတွက် ရှင်းလင်းအောင် တုံ့ပြန် သွားမည်ဟု တယ်ရီဆို

လူမျိုးရေး ခွဲခြားခဲ့သည်ဟု စွပ်စွဲခံရမှုများ အတွက် မိမိ၏ နာမည် ပျက်နေမှုကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် တုံ့ပြန် ဖြေရှင်း သွားမည်ဟု ဂျွန်တယ်ရီက ပြောကြားလိုက်သည်။

ချယ်လ်ဆီး အသင်း ခေါင်းဆောင်သည် ကွင်းပါ့ခ် ရိန်းဂျားစ် (QPR)ကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ပြိုင်ဘက်အသင်း နောက်ခံ ကစားသမား အန်တန်ဖာဒီနန် အပေါ် လူမျိုးရေး ခွဲခြားသည်ဟု Sky Sports က ရုပ်မြင်သံကြား မှတ်တမ်းများဖြင့် အခိုင်အမာ ဖော်ထုတ် စွပ်စွဲခဲ့သည်။ ထိုကိစ္စ နောက်ပိုင်း Social Media ၀က်ဘ်ဆိုက်များတွင် ပရိသတ် အများအပြားက တယ်ရီအား ဆန့်ကျင် ရှုတ်ချကြောင်း ရေးသားမှုများ ပြုလုပ်ခဲ့သလို တယ်ရီ အနေနှင့် ဖာဒီနန် အပေါ် အမှန်တကယ် လူမျိုးရေး ခွဲခြားခဲ့သည်ဟု ယုံကြည်မှုများ မြင့်တက် လာခဲ့သည်။


ရဲတပ်ဖွဲ့ကလည်း ပြည်သူ လူထု၏ အရေး ဆိုမှုကြောင့် မိမိတို့သည် ယင်းဖြစ်စဉ်ကို စုံစမ်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ တယ်ရီက “ကျွန်တော်နဲ့ အန်တန် ပြဿနာက အ၀တ် လဲခန်းထဲမှာ (၁၀)မိနစ်လောက် စကား ပြောပြီးတဲ့ အခါ ပြီးသွားပါပြီ။ ကျွန်တော်တို့ချင်း နားလည်မှု လွဲတာကို ဖြေရှင်း နိုင်ခဲ့သလို ကျွန်တော်က အန်တန်ကို Black ဆိုတဲ့ စကားနဲ့ လုံးဝ မစော်ကားခဲ့ပါဘူး။ ကျွန်တော့်ကို နာမည်ပျက်အောင် လုပ်နေတာတွေ အတွက် လိုအပ်သလို ပြန်ဖြေရှင်း သွားပါ့မယ်” ဟု ပြောဆိုသွားသည်။ အစောပိုင်းက တယ်ရီသည် ပွဲအတွင်း ဖာဒီနန်နှင့် အချင်းများစဉ် “မျက်လုံး ကန်းနေသလား” ဟု မေးခဲ့ရာ Blind ဆိုသော စကားကို Black ဟု Sky Sports က လိုရာစွဲ
ဖော်ပြခြင်းဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။

တယ်ရီ၏ ဥပဒေ အကျိုးဆောင် အဖွဲ့က ယင်းကိစ္စကို ဖြေရှင်းရန် လိုအပ်ပါက ပြဿနာ ဖြစ်ချိန်တွင် အနီး၌ ရှိနေသည့် ချယ်လ်ဆီး အသင်းဖော် အက်ရှ် လေကိုးလ်ကို မျက်မြင်သက်သေ အဖြစ် ထွက်ဆိုရန် ဖိတ်ခေါ်သွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment