မီလို့စ် ကရာဆစ်ကို ခေါ်ယူရန် စိတ်ဝင်စား နေသော အသင်းများအနက် ချယ်လ်ဆီးလည်း ပါဝင်လာပြီ ဖြစ်ကြောင်း ကစားသမား၏ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်သည်။
၎င်းက ဂျူဗင်းတပ်စ် အသင်းတွင် ကရာဆစ် အနေနှင့် လတ်တလော အသားကျ ပျော်ရွှင်နေသော်လည်း တစ်နေ့နေ့တွင် ပရီးမီးယား လိဂ်သို့ ပြောင်းရွှေ့ဖြစ်နိုင်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုသွားသည်။ ကရာဆစ်သည် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်၏ ပစ်မှတ်တစ်ခု အဖြစ်လည်း အစောပိုင်းကတည်းက သတင်း ကြီးနေခဲ့သည်။ ယခုအခါ လန်ဒန်ထိပ်သီး ချယ်လ်ဆီးသည်လည်း မိမိတို့အား ဆက်သွယ်လာကြောင်း အေးဂျင့်ဖြစ်သူ ဒီဂျန် ဂျော့ဆီမိုဗစ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အီတလီမှ သတင်းများက ဂျူဗင်းတပ်စ် အနေနှင့် အာဆင်နယ်မှ အင်္ဂလန် လက်ရွေးစင် သီအိုဝဲလ်ကော့တ်ကို ခေါ်ယူရန် အထူး စိတ်ဝင်စား နေပြီး အောင်မြင်ခဲ့ပါက ဇန်န၀ါရီ လတွင် ကရာဆစ်ကို ထွက်ခွာခွင့် ပေးဖွယ် ရှိနေကြောင်းဖော်ပြခဲ့ကြသည်။ ကရာဆစ်၏ အေးဂျင့်က “ဇန်န၀ါရီလမှာ ကရာဆစ် ဂျူဗင်းတပ်စ်က ထွက်ဖြစ်မလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဒါပေမဲ့ သူ့ကို ကလပ် အသင်းတွေ အများကြီးက လိုချင် နေပါတယ်။ ဂျူဗင်းတပ်စ်က သူ့ကို ရောင်းမလား ဆိုတာကတော့ ကျွန်တော်လည်း အသေအချာ မသိတဲ့ ကိစ္စပါ” ဟု ပြောကြားသွားသည်။
ဆက်လက်၍ ဂျော့ဆီမိုဗစ်က “ပရီးမီးယား လိဂ်နဲ့ ကျွန်တော်တို့ အဆက်အသွယ် ရှိတာ အမှန်ပါပဲ။ အင်္ဂလန် ကလပ်တွေက ကရာဆစ် အပေါ် လေးစားမှု ရှိကြပါတယ်။ နောက်ပြီး မန်ယူနဲ့ ချယ်လ်ဆီးလို အသင်းတွေဟာ ကစားသမားတွေ အတွက် စိတ်ဝင်စားစရာ ထိပ်တန်းအဆင့် အသင်းတွေပါ” ဟု ပြောဆို သွားခဲ့သည်။

အင်္ဂလန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် ကရာဆစ်

No comments:
Post a Comment