Jul 23, 2012

ကလေးဆန်သော ယောက်ျားများ

ကလေးဆန်တဲ့ဆိုတဲ့ စကားလုံးဟာ အသုံးများနားပါးဝကြသလို အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ အန္တရယ်ရှိတဲ့အချက်ပေး ခေါင်းလောင်းသံပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ စိတ်သက်နဲ့ ရုပ်သက်မတူညီတဲ့အခါမျိုးမှာ စိတ်သက်ကနုပြီး ရုပ်သက်က ရင့်နေတဲ့ အခါမျိုးမှာ ဆက်ဆံရေးဟာ တစ်မျိုးတစ်မြည် ဖြစ်လာပါတယ်။ လူတိုင်းလူတိုင်းဟာ မတူညီတဲ့အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ သွန်သင်မှုတွေ၊သင်ယူမှုတွေ အောက်က နေကြီးပြင်းလာခဲ့ကြရတဲ့သူများဖြစ်တဲ့အတွက် စိတ်နဲ့ရုပ် တပြေးညီ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ အခါခပ်သိမ်း လူခပ်သိမ်းမဖြစ်နိုင်ပါဘူး။ ကိုယ့် ချစ်သူဟာ ကလေးဆန်နေတယ်ဆိုရင် ကိုယ့်ရဲ့အချစ်ရေးဟာ အဖုအထစ်၊ အထစ်အငေါ့တွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူဟာ ကလေးဆန်လား၊ ဒါမှမဟုတ် ကိုယ့်ကပဲကလေးဆန်နေလားဆိုတာ တစ်ခါတစ်ရံမှာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။  ဆန်းစစ်ပြီး ရင်လည်းပြုပြင်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။



အနိုင်လိုချင်
အခုခေတ်ကြီးမှာ ဂိမ်းမကစားတတ်တဲ့ယောကျာ်းလေးဟာ အတော်လေးနည်းပါတယ်။ ဂိမ်းကစားတဲ့ အခါမှာပဲဖြစ်ဖြစ်၊ တခြားပျော် ရွှင်ဖွယ်ရာ ကစားနည်းတစ်ခုပဲဖြစ်ဖြစ် ချစ်သူနှစ်ယောက် အတူကစားကြတဲ့အခါမှာ သူ့ဘက်ကနိုင်လိုမင်းထက် အနိုင်လိုချင်တာမျိုး၊ မနိုင်ရင် ရှုံးမဲမဲတာမျိုးဟာအရမ်း ကလေးဆန် တဲ့အပြု အမှုတွေပဲဖြစ်ပါတယ်။

လိုတာမရ
သူနဲ့ကိုယ်နဲ့ အပြင်ထွက်လျှောက်လည်ကြတဲ့အခါ ကိုယ်ကပန်းခြံသွားချင်တယ်။ သူက မြန်မာကားကြည့်ချင်တယ်။ အဲဒီ့မှာ သူနဲ့ကိုယ် အချေအတင်စကားပြောရရော၊ သူ့ဘက်ကလည်း အလျှော့မပေး၊ ကိုယ့်ဘက်ကလည်း အလျှော့မပေးနဲ့ နောက်ဆုံးသူ့ဘက်ကမတတ်သာလို့ အလျှော့ပေးလိုက်ရတာတောင် ကိုယ့်အပေါ် နှုတ်ခမ်းကြီးဆူပြီး၊ မျက်နှာကြီး သုန်မှုန်ပြီးလိုက်လာရတာမျိုးဆိုရင် သူ့ဘက်က ကလေးဆန်တဲ့ အပြုအမူ ပြနတာကို သတိထားမိနိုင်ပါတယ်။

ပြောပဲပြောချင်
ကလေးဆန်တဲ့ယောကျာ်းများဟာ သူတို့ကောင်မလေးက သူတို့ထက်ပိုပြီးတော်တာ၊ ဝင်ငွေကောင်းတာ၊ ထက်မြက်တာတွေကိုလက်မခံနိုင်ကြပါဘူး။ ကိုယ်နဲ့အပြိုင်လိုက်ပြီး တုပကြိုးစားတာမျိုးလုပ်လေ့ရှိပါတယ်။ စကားပြောတဲ့အခါမျိုးကအစ သူ့ဘက်က ကိုယ်ပြောတဲ့အချက်တွေကို ချွင်းချက်မရှိ နားထောင်စေချင်ကြပါတယ်။ကိုယ်ဘက်က ကိုယ့်အကြောင်းပြောတာမျိုးကျရင် စိတ်ဝင်တစားအလေးပေးပြီး နားထောင်လေ့မရှိကြပါဘူး။ ပျင်းရိငြီးငွေ့တဲ့အမူအယာတွေပြသလေ့ရှိပါတယ်။ ဘာပဲပြောပြော အချစ်ရေးနဲ့အိမ်ထောင်ရေးမှာလည်း ဒီမိုကရေစီရဖို့လိုအပ်ပါတယ်။ တစ်ပါတီစနစ်မကျင့်သုံးသင့်ပါဘူး။ ကိုယ့်ဘက်ကပြောခွင့်ရှိသလို သူ့ဘက်ကလည်းပြောဆိုခွင့်တော့ ပေးရမှာဖြစ်ပါတယ်။ အပြန်အလှန် လက်ချင်းချိတ်ပြီး သွားရမယ့် ခရီးတစ်ခုမှာမဟာဖိုဝါဒကို လက်ကိုင်မစွဲသင့်ပါဘူး။

အနာခံ
သူ့ဘက်က ရှာလို့ရသမျှကိုသူ့ချည်းပဲအများစု သုံးစွဲတတ်ပါတယ်။ အချစ်ရေးမှာလည်း တစ်ခါတစ်ရံမှာ ကိုယ်က ရှင်းရတာထက် သူ့ချည်းပဲ ရှင်းနေရတာများပါတယ်။ အနစ်နာခံစရာရှိရင်ကိုယ်ချည်းပဲခံနေရရင် ဒါ သိပ်မဟုတ်တော့ပါဘူး။ မောင်တစ်ထမ်း၊မယ်တစ်ရွက် လမ်းစဉ်မဟုတ်တော့တဲ့အတွက် နှစ်လွှာပေါင်းလို့တစ်ရွက်မဖြစ်နိုင်ပါ။

ညှိနှိုင်းလို့မရ
အချစ်ရေး၊ အိမ်ထောင်ရေးဆိုတာ အမြဲတမ်း ပျော်ရွှင်စရာချည်းပဲလာနေတဲ့ ပြဇာတ်မဟုတ်ပါဘူး။ လင်နဲ့မယား လျှာနဲ့သွား၊ချစ်သူရည်းစား လက်ဝါးနဲ့ပါးဆိုသလို တစ်ယောက်နဲ့တစ်ယောက်အချေအတင်လေးတွေ၊ အဖုအထစ်လေးတွေ ရှိတတ်ကြပါတယ်။တစ်ခိျု့ပြသာနာ တွေဟာ နာရီပိုင်းအတွင်း ရှင်းလို့ရပေမယ့် တစ်ခိျု့ပြသနာတွေကျတော့ တစ်ခါတစ်လေ လနဲ့ချီချင်ချီသွားတတ်ကြပါတယ်။ ဘယ်ပြသနာပဲ ဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက် ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း လုပ်ကြရမှာဖြစ်ပါတယ်။ သူ့ဘက်က လျှော့စရာရှိတာလည်း လျှော့၊ ကိုယ့်ဘက်က လျှော့စရာရှိတာလည်း လျှော့ပြီးအလျှော့အတင်းလုပ်ကြဖို့ လိုအပ်ပါတယ်။ အဲဒီ့လိုမျိုး အလျှော့အတင်းမှာ သူ့ဘက်က လုံးဝအလျှော့ မပေးဘဲတင်းခံနေတာမျိုးဆိုရင် ကလေးဆန်နေပါပြီ။အကျေအလည်ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့လိုအပ်ပါတယ်။နည်းနည်းလေး စကားအထစ်အငေါ့ ရှိလာတာနဲ့ သူ့ဘက်ကပွဲဆူပြီး ရန်ထဖြစ်ဖို့ လုပ်လာတတ်ပါတယ်။ အမြဲတမ်း ရန်ပွဲဖြစ်ဖို့ တာစူနေတဲ့ပုံစံမျိုးဟာ အချစ်ရေးအတွက် ကောင်းတဲ့အလားအလာမဟုတ်ပါ။

မနာလို
ကလေးဆန်တဲ့ယောကျာ်းများဟာ သူတို့ချစ်သူကို တစ်ခြားတစ်ယောက်နဲ့ စကားပြောနေတာ၊အပြင်ထွက်ပြီး အတူလျှောက်သွားတာ မျိုးကို မရှု့ဆိတ်၊ မနာလို ဖြစ်တတ်ကြပါတယ်။ စိတ်မချဖြစ်တတ်ကြပါတယ်။ ဘယ်သူနဲ့ မသွားရဘူး၊ ဘယ်သူနဲ့ စကားမပြောရဘူးစသဖြင့် ချုပ်ချယ်စည်းမျဉ်းစည်းကမ်းချက်တွေ ထုတ်ထားတတ်ကြပါတယ်။စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ တစ်ပြေးညီရှိသင့်ပါတယ်။ အိုင်ကျူမြင့်သလိုအီးကျူလည်း မြင့်သင့်ပါတယ်။ အီးကျူမြင့်ခြင်းဟာ လူမှုဆက်ဆံရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာပါဝင်နေပြီး အချစ်ရေးအတွက်လည်း အရေးပါနေပါတယ်။ကလေးဆန်ခြင်းဟာ ကလေးကကလေးဆန်နေတာပဲကြည့်ကောင်းပါတယ်။ လူကြီးက ကလေးဆန်နေရင် ကြည့်မကောင်းတော့သလို ပြောလို့ဆိုလို့လည်း ကောင်းတော့မှာ မဟုတ်ပါ။ အမှား အယွင်းမကင်းတဲ့ လူသားတိုင်း အမှားအယွင်းတွေ ရှာဖွေပြုပြင်ကြမယ်ဆိုရင်ဖြင့် မလို လားအပ်သောပြသနာများ ကင်းဝေးကြလိမ့်မည်ဟု ယုံကြည်လျက် ဒီတစ်ပတ် ဒီမျှနဲ့သာ . . .။



No comments:

Post a Comment