ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်တွင်စိုက်ပျိုးလျက်ရှိသော
ချယ်ရီပင်စိုက်ခင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးချယ်ရီပင်စိုက်ခင်း
ဖြစ်လာတော့မည်ဟု သိရသည်။
တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာတွင် စိုက်ပျိုးထားသော
အပင်ပေါင်းလေးသောင်းကျော်(ဧက၃၀၀) ခန့်ရှိသည့် I Love Myanmar တည်ထောင်သူ
ဒေါ်လီဗီဆပ်နေထန်းမှ လွန်ခဲ့သော ၃နှစ်ခန့်က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ချယ်ရီပင်များကို စတင်စိုက်ပျိုးစဉ်က ကမ္ဘာအကြီးဆုံးချယ်ရီပင်စိုက်ခင်းဖြစ်လာစေရန် ရည်ရွယ်ခြင်းမရှိသော်လည်း ယခုအခါ ကမ္ဘာ့အကြီးဆုံး ချယ်ရီပင်စိုက်ခင်းဖြစ်လာနေပြီဟု ဒေါ်လီဗီကပြောသည်။
"စစိုက်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မသမီးလေးကို အမှတ်ရစေဖို့ဖြစ်ပါတယ်။ ဒီရွာနားဖြတ်သွားတဲ့ အချိန်လောက်မှာ ကျွန်မသမီးလေးဟာ ရန်ကုန် ကလေးဆေးရုံမှာ ခရစ်တော်မှာ အိပ်ပျော်သွားပါတယ်။ အဲဒါကို အမှတ်ရစေဖို့ ချယ်ရီပင်တွေစစိုက်ခဲ့တာပါ။ ဒါပေမယ့် စိုက်ရင်းနဲ့ အကျိုးကျေးဇူးတွေ ပိုမြင်လာပြီး ခုဆို ကမ္ဘာ့အကြီးဆုံးစိုက်ခင်းဖြစ်လာပါပြီ"ဟု ဒေါ်လီဗီကပြောသည်။
ဒေါ်လီဗီသည် လွန်ခဲ့သော ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံနေရသူများအား ကူညီထောက်ပံ့ပေးနေချိန်တွင် ၄င်း၏သမီးငယ်သည် ရန်ကုန်မြို့ ဆေးရုံကြီး၌ ဆုံးပါးခဲ့ရသည်။
လက်ရှိကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးချယ်ရီပင်စိုက်ခင်းမှာ ချယ်ရီပင် ၃၈၀၀ရှိ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်တွင်ရှိပြီး ယင်းချယ်ရီပင်များကို ဂျပန်နိုင်ငံက လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယခု ချင်းပြည်နယ်တွင်စိုက်ပျိုးထားသော ချယ်ရီပင်များမှာ ချင်းပြည်နယ်တွင် အလေ့ကျပေါက်သည့် ချယ်ရီပင်များဖြစ်သည်။
ယင်းချယ်ရီပင်များသည် လာမည့် ၃၊၄နှစ်ခန့်ကြာမှ ဖူးပွင့်လာမည်ဖြစ်ပြီး ချင်းပြည်နယ်အတွက် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များကို အဓိကဆွဲဆောင်နိုင်မည့် ချယ်ရီဥယျာဉ်ကြီးဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဒေါ်လီဗီကပြောသည်။
"အမေရိကန်ပြည်မှာ ချယ်ရီပင် ၃ထောင်ကျော်ပွင့်တာကိုတောင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတာ၊ ဒီမှာက တောင်တန်းကြီးတစ်ခုလုံး ချယ်ရီပန်းတွေပွင့်တော့မယ်ဆိုတော့ ချယ်ရီပန်းပွင့်တဲ့အချိန်ဆို ပြည်တွင်းကခရီးသွားတွေတင်မကဘဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည်တွေကိုတောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်"ဟု သူမကပြောသည်။
တီးတိန်မြို့နယ်မှ ဒေသခံတစ်ဦးကလည်း ကမ္ဘာလှည့်ခရီးသည်တွေ ကိုယ့်ဒေသကို လာခွင့်ရတာ ကိုယ်က ကြိုဆိုပါတယ်၊ ချယ်ရီဥယျာဉ်ကြီးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်ဟု ပြောသည်။

No comments:
Post a Comment