အရာရာတိုင်းမှာတိုက်ဆိုင်မှုဆိုတာ ရှိတတ်စမြဲပါပဲ။
တကူးတကဖန်တီးတဲ့တိုက်ဆိုင်မှုတွေရှိသလို အမှတ်တမဲ့ ဖြစ်တည်တဲ့
တိုက်ဆိုင်မှုတွေလဲ ရှိပါတယ်။ ဘယ်ဘာသာအယူအဆမှာပဲဖြစ်ဖြစ်ပါ။ သေချာသတိထားပြီး
လေ့လာကြည့်ရင် သိနိုင်ပါတယ်။
`ကံကြမ္မာ´ ဆိုတာ သူ့အလိုလို ဖန်တီးပြီးသားပါ။ လူတွေ ဘာကြောင့်ချစ်ကြပါသလဲ။ ဘယ်လိုချစ်မိသွားကြတာပါလဲ။
……ဒီမေးခွန်းတွေကို ဘယ်သူမှ အတိအကျ မဖြေနိုင်ကြပါဘူး။ တကယ်တော့….တိုက်ဆိုင်မှုကြောင့်သာ ချစ်မိသွားကြတာပါ။
တစ်ခုသတိပြုစေချင်ပါတယ်။ ဒီနေရာမှာ ပြောခဲ့တဲ့ အချစ်ဆိုတာ… ပညတ်ချက်မပါတဲ့ အချစ်ကိုသာဆိုလိုချင်တာပါ။ ၁၅၀၀ အချစ်လို့ပြောနေကြတဲ့ ဖိုမ အချစ်ကိုသာ မရည်ညွှန်းပါဘူး။ မိန်းကလေးနဲ့ ယောက်ျားလေး၊ မိန်းကလေးချင်း၊ ယောက်ျားလေးချင်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု အစရှိသဖြင့်…လူသားတိုင်းကိုသာ ရည်ညွှန်းပါတယ်။ ဒါကြောင့်လဲ … မိန်းကလေးချင်းမှာလဲ - အချစ်ဆုံးမိန်းကလေးသူငယ်ချင်း၊ ယောက်ျားလေးချင်းမှာလဲ - အချစ်ဆုံးယောက်ျားလေးသူငယ်ချင်းဆိုပြီး အချစ်ဆုံးသူငယ်ချင်း၊ အရင်းနှီးဆုံးမိတ်ဆွေ ဆိုတဲ့ ဝေါဟာရဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အားလုံးသော စာဖတ်သူတွေကို သေချာပြန်စဉ်းစားကြည့် စေချင်ပါတယ်။
ကံကြမ္မာက.........
အသည်းကွဲနေတဲ့သူ ကို အသည်းကွဲဖူးတဲ့ သူနဲ့တွေ့ဆုံစေပါတယ်။
အိမ်ထောင်ရေးသောက ရောက်နေတဲ့သူကို အိမ်ထောင်ရေးသောက ကြုံဖူးတဲ့သူနဲ့ တွေ့ဆုံစေပါတယ်။
မိဘကြောင့် စိတ်ဆင်းရဲ နေတဲ့သူကို မိဘကြောင့်စိတ်ဆင်းရဲဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
သားသမီးကြောင့်ပူပင်ကြောင့်ကြ ဖြစ်ရသူကို သားသမီးကြောင့်ပူပင်ကြောင့်ကြ ဖြစ်ဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
ငွေကြေးကြောင့် စိတ်ညစ်ရသူကို ငွေကြေးကြောင့် စိတ်ညစ်ရဖူးသူနဲ့ တွေ့ဆုံစေပါတယ်။
(တစ်ခါတစ်လေမှာတော့လည်း…………………………………… ဒီအချက်တွေနဲ့ပြောင်းပြန်အချိုးကျတဲ့ သူမျိုးနဲ့ လဲ တွေ့ဆုံပေးတတ်ပါတယ်။ဥပမာ- ငွေကြေးကြောင့် စိတ်ညစ်ရသူကို ငွေကြေးကြောင့်စိတ်ညစ်စရာမရှိသူမျိုးနဲ့တွေ့ဆုံပေးပါတယ်။)
ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်စိတ်ညစ်နေတဲ့ ကိစ္စတွေအတွက် နားလည်ပေးနိုင်မယ့်သူ၊ ဖြေရှင်းပေးနိုင်မယ့်သူ၊ ကူညီပေးနိုင်မယ့်သူ၊ ဖြေသိမ့်ပေးနိုင်မယ့်သူ တစ်ယောက်ယောက်ကို ကံကြမ္မာက ဖန်တီးပေးထားပြီးသားပါ။ အချိန်မတိုင်လို့ မတွေ့ဆုံဖြစ်သေးတာမျိုးသာရှိနိုင်ပါတယ်။
နိုင်းနိုင်းစနေ ရေးသားထားတဲ့…ဒဿန ဇာတ်လမ်းလေးတစ်ခုကိုဖတ်ခဲ့ဖူးပါတယ်။ ကိုယ်ကိုယ့်ကို သေကြောင်းကြံခဲ့တဲ့ လူတစ်ယောက်ရဲ့ သဘောထားလေးအကြောင်းပါ။ အဲဒီလူဟာ ကိုယ့်ကိုယ်ကို သတ်မသေခင်မှာတော့..လောကမှာ သူ့လောက်ဒုက္ခဆင်းရဲ များပြားတဲ့သူ မရှိဘူးလို့ထင်ခဲ့ပါတယ်။ ဒါပေမယ့်..သူတိုက်ပေါ်က ခုန်ချနေစဉ်လေးအတွင်းမှာပဲ..ဒီလို ကြုံတွေ့နေရတဲ့..ဒုက္ခဆင်းရဲတွေဟာ သူ့တစ်ယောက်တည်းမှာ ဖြစ်ပေါ်နေတာမဟုတ်မှန်းသိလိုက်ရပေမယ့် သိနောက်ကျသွားပြီဆိုတာမျိုးလေးကို ရေးထားတာပါ။
ဒါကြောင့်….အကယ်၍များ သင့်မှာ စိတ်ညစ်စရာ ကိစ္စများကြုံတွေ့လာခဲ့ရင်… မည်သူ့ကိုမဆို ရင်ဖွင့်တိုင်ပင်ကြည့်လိုက်ပါ။ ဒီလူ့လောကထဲက လူများစွာကြားထဲမှာ… သင့်ဒုက္ခကို၊ သင့်စိတ်ဆင်းရဲမှုကို စာနာနားလည်ပေးနိုင်မယ့်သူ၊သင့်ကိုချစ်တဲ့သူ(သို့မဟုတ်) သင်က ချစ်တဲ့သူ… တစ်ယောက်တော့ ကံကြမ္မာက ဖန်တီးပေးထားပါတယ်။ ရှာဖွေရမှာသင့်တာဝန်ပါ။ သင့်ကိုယ်သင် အထီးကျန်ဆန်တယ်ဆိုတဲ့ ခံစားချက်ကို ထာဝရမေ့ပစ်လိုက်ပါ။ သင့်ဘေးမှာ၊ သင့်ပတ်ဝန်းကျင်မှာ လူများစွာရှိပါတယ်။ သင်သည် မည်သည့်အခါကမျှ တစ်ယောက်တည်းမဟုတ်ခဲ့ပါ။

No comments:
Post a Comment