တရားအလှူနဲ့ပတ်သတ်ပြီး ရှင်းရှင်းသိချင်တယ်။ ဘယ်လိုအရာမျိုးတွေဟာ တရားအလှူမှာ ပါဝင်သလဲဆိုတာကို ဦးဇင်းဆိုဒ်မှာ မေးထားတဲ့အတွက် ရှင်းပြပေးလိုက်ပါတယ်။
တရားအလှူနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ သိကြားမင်းရဲ့ အမေးကို ဖြေကြားပေးထားတာ ရှိပါတယ်။ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံးပါတဲ့။ ဘယ်လိုဟာတွေက ဓမ္မဒါနမည်သလဲဆိုတော့ သူတစ်ပါးအား မိမိသိသမျှ သူတော်ကောင်းတရားများ ဖြန့်ဝေဟောကြားပြောဆို ဆုံးမရေးသားပေးခြင်းဆိုတဲ့ ဓမ္မဒေသနာ၊ သူများဟောကြား ပြောဆိုဆုံးမရေးသားတင်ပြတာတွေကို နာယူမှတ်သား ဖတ်ရှု့ခြင်းဆိုတဲ့ ဓမ္မသ၀နာ၊ ဒီလိုနှစ်မျိုးကို ဓမ္မဒါနလို့ ခေါ်ပါတယ်။
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သူတော်ကောင်းတရားတွေကို မနာဘူးဆိုရင် ဘယ်သူမှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို မရောက်ပါဘူးတဲ့။ အဲဒီလိုပါပဲ မိမိသိတာကို သူတစ်ပါးအား ဟောပြောမပေးဘူးဆိုရင်လည်း နောက်လူတွေ နိဗ္ဗာန်ကို မရောက်နိုင်ဘူးတဲ့။ အဲဒါကြောင့် ဒီလိုဟောပြောပေးခြင်း၊ သူများဟောတာကို နာကြားပေးခြင်းဟာ အလွန်တရာတန်ဖိုးရှိလှတဲ့အတွက် ဒါနကောင်းမှုများထဲမှာတော့ အမြတ်ဆုံးဖြစ်ပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါကတော့ မြတ်ဗုဒ္ဓရဲ့ လိုရင်းကို ပြောပြတာပါ။
No comments:
Post a Comment