Aug 12, 2012

ရင်ခုန်ခွင့်မှတ်တမ်း

တဒင်္ဂ၊ တခဏ၊ ကိုယ်ကျရာဇာတ်ရုပ်
ပီပြင်အောင်လုပ်ရင်း၊ မျှော်လင့်ခြင်းတေးသွားအဆုံးမှာ
အလွမ်းဇာတ်နာ အခန်းဆက်ပြန်တော့
မင်းဒဿနဲ့တော့ ကိုယ်…..ဆင်တူ
ရင်အပူ မြင်သူမရှိစေဖို့
ကျိပ်မှိတ်လို့ ဝေဒနာထိမ်း…..။
သံယောဇဉ် ရိတ်သိမ်းပွဲမှာ…..
ရင့်မှည့်ရှာကြတဲ့ အလွမ်းသစ်သီးတွေ
အပင်ခြေမှာဖွေးဖွေးလှုပ်လို့
ပုတ်တဲ့အသီးကလည်းပုတ်လို့ပေါ့…
ဒါတွေကို မင်းနားမလည်တာတော့ မဟုတ်လောက်ဘူး
ခံပြင်းခြင်းတေးသွားလည်း
နှုတ်ဖျားက မထွက်ရဲလောက်အောင်
နဲနဲမှယောင်လို့……မမုန်း
ဒီဘ၀ ဒီဇာတ်မှာ …ငါမင်းကိုအချစ်ဆုံးလို့
တစ်လောကလုံးကြားအောင်
ဟောဒီကောင် အော်ဟစ်ရင်း
အရောင်လွင့်နေတဲ့မျှော်လင့်ခြင်းကို
ငံလင့်လို့ဆေးပြန်ခြယ်
တကယ့်တကယ်တော့
လွယ်တော့မလွယ်မှန်း
သိနိုင်စွမ်းကင်းကွာဝေး
ငါ့ကြောင့် မင်းဘ၀လေးကိုလည်း မနစ်မွန်းစေချင်ပြန်ဘူး။
အရူးတစ်ယောက်လို့ဆိုချင်ဆို
ငိုချင်ငို ရယ်ချင်ရယ်
အပြောင်းအလဲလွယ်တာမဟုတ်
လုပ်သမျှအရာမထင်
အကောင်းလို့ ဘယ်သူမမြင်သမျှ
ရင်မကာ အပူမသိမ်းစေတော့
ယူငြှိမ်းပါ ကူပါလှဲ့ကွယ်လို့
ပြောဖို့ရာ ဘယ်ခါမရှိတာကြောင့်
နှောင့်သည်းဖြာ စာနာအချစ်ကိုမှ
မချစ်လိုကမုန်းပါလေ
ပြေပါစေ ဒီအငြှိုးကိုဖြင့်
ရင်ခုန်ခွင့် ဒီမှတ်တမ်းမှာ
စာတင်ကာ လွမ်းနာညွှန်းပြီမို့
ကိုယ်မလိုချင်တဲ့အမုန်း
ဖွဲထုံးကာ အပိုင်ပေးချေတော့…
လက်ကျန်တောင်းဆု
ကိုယ်ကပြုသည်…
အချစ်ရယ်……
လွမ်းတာတစ်ခုတော့ ခွင့်ပြုပါ။ ။

No comments:

Post a Comment