Aug 20, 2012

အသက်ကြီးရင့်သူများ သွေးတိုးရောဂါ ထိန်းချုပ်ရန် Amloten-5 ဆေးနှင့် သင့်တော်ခြင်း ရှိ၊ မရှိ

မေး - Doctor ရေ၊ Uncle က အသက် ၆၀ ရှိပါပြီ။ ရောဂါထွေထွေထူးထူး မရှိပေမဲ့ သွေးတော့ နဲနဲတိုးတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အရ AMLOTEN-5 ဆိုတဲ့ဆေးကို တစ်နေ့တစ်လုံး သောက်လာတာ တစ်နှစ်လောက်ရှိပါပြီ။ ရုတ်တရက် သွေးတိုးခြင်းမျိုး မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ် ရမယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။
1340 Amloten-5_Drug_Good_or_Not_for_Seniorsဖြေ - အသက် ၆၀ မှာ Amlodipine 5 mg နဲ့ ကောင်းကောင်းထိန်းနိုင်တဲ့ သွေးတိုးရောဂါပဲရှိပြီး အခြားဘာဆေးဝါးမှ သောက်သုံးဖို့မလိုဘူး၊ ဘာရောဂါမှ မရှိဘူးဆိုရင်တော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ပဲ ပထမဦးစွာ ပြောပါရစေ။
သွေးတိုးကုထုံးရဲ့ အရေးအကြီးဆုံး အချက်တစ်ခုက တစ်နေ့ ၂၄ နာရီလုံးလုံး သွေးပေါင်ပုံမှန်ရှိရပါမယ်။ အတက်အကျ သိပ်မကွာသင့်ပါဘူး။ ဆေးကို အချိန်မှန် ပုံမှန်သောက်ရမှာဖြစ်ပြီး မနက်အိပ်ရာထချိန်နဲ့ ညအိပ်ခါနီး အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွေးပေါင်ပုံမှန်ချိန်ရပါမယ်။ လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးညှိသင့်ညှိပေးရပါမယ်။ ကျန်းမာရေးစစ်ဆေးမှု (Medical checkup) ပုံမှန်ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
သွေးတိုးဟာ ဆေးနဲ့ တစ်သက်လုံး ထိန်းထားရမှာမို့ မိမိသောက်နေတဲ့ ဆေးတွေကို လူနာကိုယ်တိုင် နားလည်ထားဖို့လည်း အရေးကြီးပါတယ်။ ဆရာဝန်ကို အသိမပေးဘဲ ဆေးကို မိမိဘာသာ အတိုးအလျှော့ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ အချိန်တိုအတွင်း သွေးပေါင်ကျစေတဲ့ အရေးပေါ် သွေးကျဆေးတွေ  ရှိပေမယ့် သွေးတိုးထိန်းဆေး တော်တော်များများဟာ ဆေးသောက်ပြီး နာရီပိုင်းကြာမှ အာနိသင်ပြတတ်ပြီး သွေးထဲမှာ ဆေးပမာဏတစ်ခု အချိန်အတန်ကြာရှိနေဖို့ ထုတ်လုပ်ထားတာပါ။
သွေးပေါင်ချိန်တဲ့အချိန်မှာ ရှိနေတဲ့ သွေးပေါင်ဟာ ( ဆေးအာနိသင်ရဲ့ အကျိုးသက်ရောက်ချိန်ပေါ်မူတည်ပြီး) လွန်ခဲ့တဲ့ ၆ နာရီ၊ ၁၂ နာရီ စတဲ့ အချိန်အတွင်းမှာ သွေးတိုးဘယ်လောက် ထိန်းနိုင်လဲဆိုတာကို ပြသတာပါ။ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေလို့ ဆေးမသောက်ဘဲနေမယ် ဆိုရင်တော့ နောက် ၆ နာရီ၊ ၁၂ နာရီမှာ သွေးထဲမှာ ဆေးမရှိတော့တာမို့ သွေးပေါင်ဟာ ရုတ်ချည်း တက်လာတတ်ပါတယ်။
အဲဒီလို ဆေးလျှော့လိုက်၊ သွေးပေါင်ရုတ်ချည်းတက်လို့ သွေးထိန်းဆေးပိုသောက်လိုက်၊ ဆေးတွေ သွေးထဲပိုရောက်လို့ နောက် ၆ နာရီ၊ ၁၂ နာရီမှာ သွေးပေါင်က ပြန်ကျလိုက်နဲ့ သွေးပေါင်နောက်ကို ဆေးကလိုက်နေရတာနဲ့ပဲ မုန့်လုံးစက္ကူကပ်သလိုဖြစ်ပြီး သွေးပေါင်အတက်အကျ ကြမ်းတတ်ပါတယ်။
တချို့ကျတော့ အချိန်တိုအတွင်း သွေးပေါင်ကျစေတဲ့ ဆေးတွေကို ကိုယ့်ဟာကိုယ်သောက်လိုက်ကြတာလည်း တွေ့ဖူးပါတယ်။ ရုတ်တရက် သွေးပေါင်ကျသွားတာကလည်း ရုတ်တရက် သွေးတိုးသကဲ့တို့ပဲ အလားတူ အန္တရာယ်များပါတယ်။ ရုတ်တရက် သွေးတက်လို့ ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တတ်သလို၊ ရုတ်တရက် သွေးပေါင်ကျရင်လည်း လေဖြတ်တတ်ပါတယ်၊ နှလုံးသွေးငတ်ပြီး Heart attack ရတတ်ပါတယ်။ သွေးတိုးကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးသွေးငတ်ခြင်း (Unstable angina, Myocardial infarct) စတဲ့ အရေးပေါ် ရောဂါတွေဟာ အဲဒီလို ရုတ်တရက် သွေးတိုးတဲ့အချိန် သို့မဟုတ် သွေးပေါင်အတက်အကျကြမ်းတဲ့ အချိန်တွေမှာ ဖြစ်လာရတာများပါတယ်။
ဒါကြောင့် သွေးတိုးထိန်းဆေးများရဲ့ သဘောသဘာဝကို ကောင်းစွာ သိရှိနားလည်ဖို့ လွန်စွာမှအရေးကြီးလှပါတယ်။ ရုတ်တရက်သွေးတိုးတာက အရေးပေါ် မဖြစ်တောင်မှ သွေးပေါင်ဟာ မငြိမ်ဘဲ သွေးအတက်အကျများရင်တော့ ကျောက်ကပ်၊ နှလုံး စတဲ့ အစိတ်အပိုင်းတွေကို လျင်မြန်စွာ ပျက်စီးစေတတ်တာမို့ ၂၄ နာရီအတွင်း သွေးပေါင်ငြိမ်နေဖို့ အလွန်အရေးကြီးတယ်ဆိုတာ ထပ်ပြောပါရစေ။
သတိထားရမယ့် နောက်အချက်တစ်ခုက သွေးတိုးလို့ ခေါင်းမူး၊ ခေါင်းကိုက်တတ်တာ သွေးတိုးတိုင်းမဖြစ်ဘူး၊ လူတိုင်းလည်း မဖြစ်ဘူးဆိုတာပါ။ သွေးပေါင် ၂၂၀/၁၁၀ နဲ့ ဆေးရုံ၊ ဆေးခန်းကို လမ်းလျှောက်ပြီး ဝင်လာတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ သွေးပေါင်ချိန်ဟာ လူခံစားရတဲ့ ရောဂါလက္ခဏာနဲ့ ဘယ်လိုမှမသက်ဆိုင်လို့ သွေးပေါင်ချိန်မတိုင်းဘဲ ခေါင်းမမူး၊ ခေါင်းမကိုက်တော့လို့ သွေးမတိုးတော့ဘူးလို့ ပြောလို့မရသလို   သွေးပေါင်ချိန်မတိုင်းဘဲနဲ့လည်း ဆေးမညှိရပါဘူး။
ထုံးစံအတိုင်း အစားအသောက်ကို ဆင်ခြင်ရပါမယ်။ ဆားအပြင် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် (ဆားပေါ့အပါအဝင်)၊ ငံပြာရည်၊ လျက်ဆား၊ အစာကြေဆေးစတဲ့ အခြားသောအငန်ဓာတ်ပါတဲ့ စားသောက်ဖွယ်မှန်သမျှကို လျှော့စားရပါမယ်။ တိုင်းရင်းဆေးများမှာလည်း သွေးပေါင်တက်စေတတ်တဲ့ နွယ်ချိုလို ကုန်ကြမ်းတွေပါလို့ သွေးတက်တတ်ပါတယ်။ ရင်ကျပ်ပန်းနာနဲ့ အရေပြားရောဂါတွေကုရာမှာ သုံးရတဲ့ အစွမ်းထက် စတီးရွိုက်ဆေးများနဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးများ (NSAID pain killer) ဟာလည်း သွေးတက်စေတဲ့ အာနိသင်ရှိပါတယ်။ တိုင်းရင်းဆေးဖြစ်ဖြစ်၊ အနောက်တိုင်းဆေးဖြစ်ဖြစ် ပါဝင်ပစ္စည်းစာရင်းမှာ ဆိုဒီယမ်ဓာတ်ပါရင်တော့ သွေးတိုးစေတတ်လို့ သတိပြုရပါမယ်။
အစွန်းရောက်တဲ့ စိတ်ခံစားမှုတွေကို တတ်နိုင်သလောက် လျှော့ချရပါမယ်။ မိမိစိတ်ကို အစွန်းရောက်တဲ့ စိတ်ခံစားမှုများမှ ကာကွယ်ဖို့ရာကတော့ မိမိကိုးကွယ်ရာ ဘာသာတရားကိုလိုက်ပြီး တရားဓမ္မကိစ္စတွေ ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
သွေးတိုးရောဂါဟာ သူ့ချည်းဖြစ်တတ်သလို ဆီးချို၊ ကျောက်ကပ်စတဲ့ ရောဂါတွေနဲ့လည်း တွဲနေတတ်ပါတယ်။ သွေးတိုးရောဂါကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောပိတ်/ပေါက်ကာ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါစတဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တတ်ပါသေးတယ်။ 
နှစ်စဉ် ကျန်းမာရေးဆေးစစ်ရာမှာ ဒီရောဂါတွေကိုလည်း သတိထား စစ်ဆေးသင့်ပါတယ်။ လိုအပ်ရင် သွေးတွင်းအဆီကျဆေး စတဲ့ အခြားသော ဆေးဝါးများကိုပါ တွဲဖက်သုံးစွဲရမှာမို့ ကျန်းမာရေးဆေးစစ်မှု ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

No comments:

Post a Comment