အင်္ဂလိပ်လို (Sciatica) ရောဂါဝေဒနာ၏
မူရင်းအဓိပ္ပာယ်မှာ တင်ပါးခွက်အတွင်းမှ ထွက်လာသော ဆိုင်ယက်တစ်အာရုံကြော
(Sciatic Nerve) အား တစ်စုံတစ်ခုသော အကြောင်းကြောင့်
ထိမိခိုက်မိညှပ်မိခြင်း (သို့) ရောင်ရမ်းလာခြင်း ဖြစ်ရာမှ တင်ပါးနေရာ၊
ပေါင်၊ ခြေသလုံးနှင့် ခြေဖ၀ါးတို့၏ အနောက်ပိုင်း တစ်လျှောက် နာခြင်း၊
ကိုက်ခြင်း၊ အောင့်ခြင်းအား ဆိုလိုပေသည်။ အာရုံကြော၏ မူရင်းအမည်အား
အစွဲပြုပြီး ဆိုင်ယစ်တစ်ကာဟု ခေါ်ဆိုပါသည်။ ဤသို့ ဆိုင်ယက်တစ်ကာဖြစ်ပြီဟု
ဆိုလျင် ခြေထောက်နာခြင်းအပြင် ကျဉ်ခြင်း၊ ထုံခြင်း၊
မီးစနှင့်ထိုးသလိုပူခြင်း၊ ခါးကုန်းမရခြင်း၊ ခါးစောင်းခြင်း၊
ပေါင်တန်းခြင်းများပါ ဖြစ်ရလေသည်။
ဆိုင်ယက်တစ်ကာဖြစ်သူ လူနာများသည် တခါတရံ
ခါးနာတယ်ဆရာဟုလည်းကောင်း၊ ခါးစောင်းသွားတယ်ဟု လည်းကောင်း၊
ခြေထောက်တစ်ချောင်းလုံး အောင့်တယ်ဟု လည်းကောင်း အမျိုးမျိုးဝေဒနာကို
ပြောပြလေ့ရှိပြီး တစ်ကယ်တမ်းစမ်းသပ်စစ်ဆေး လိုက်သောအခါ ဆိုင်ယက်တစ်ကာ
ရောဂါတစ်မျိုးကိုသာ တွေ့ရလေသည်။ သို့ဖြစ်ရာ ဆိုင်ယက်တစ်ကာအား မူရင်း
အင်္ဂလိပ်အဓိပ္ပာယ်အတိုင်း တိတိကျကျ ဘာသာပြန်ဆို ခြင်းမပြုတော့ဘဲ မြန်မာများ
နားလည်နိုင်သလို ခါးနာပေါင်တန်းခြင်းဟု ချုပ်၍ခေါ်ဆို လိုက်ရပေသည်။
ခါးနာပေါင်တန်းခြင်းဟု ခေါ်ရသော်လည်း အချို့
ဆိုင်ယက်တစ်ကာဖြစ်သော လူနာများ သည် ခါးမနာကြပေ။ အချို့က ယခင်က ခါးနာဖူးပြီး
ယခု ခါးမနာတော့ပေ။ မည်သို့ဆိုစေ ခါးအကြောင်းကို မလွဲမရှောင်သာ
ထည့်ပြောရမည့်ရောဂါဝေဒနာတစ်ခု ဖြစ်သည့်အားလျော်စွာ ခါးနာဟု
ထည့်သွင်းသုံးနှုန်းရခြင်း ဖြစ်ပါသည်။
ခါးနာပေါင်တန်းခြင်းအား တစ်ချို့က “မှင်” ဟု ခေါ်တတ်ကြပြီး
စုတ်ထိုးကုသလေ့ ရှိသည်။ စုတ်ထိုးကုသမှု ခံယူပြီး မသက်သာသဖြင့် အကြောအဆစ်ကု
ပညာရှင်ထံ ရောက်လာကြသူများလည်း ရှိပါသည်။ ရိုးရိုးခါးနာခြင်းနှင့်
ခါးနာပေါင်တန်းခြင်းသည် ဆက်နွယ်မှု ရှိချင် ရှိနိုင်သလို ၊
မသက်ဆိုင်ပဲလည်းရှိတတ်သည်။ ယင်းအကြောင်းများကို
ခါးနာပေါင်တန်းခြင်းဖြစ်ပေါ်လာပုံ သဘောတရားရှင်းလင်းချက် တွင်
ဖတ်ရှုသဘောပေါက်နိုင်မည် ဖြစ်သည်။ ခါးနာပေါင်တန်းခြင်းသည် လွယ်လွယ်နှင့်
ဖြစ်လာတတ်သူများ ရှိလာတတ်သော်လည်း အရေအတွက် နည်းပါးပါသည်။ ပင်မရောဂါ (သို့)
ချွတ်ယွင်းမှု တစ်ခုခုအား အခြေခံပြီး တဖြည်းဖြည်းချင်း ဖြစ်လာတတ် သည်ဖြစ်ရာ
ရောဂါ ပျောက်ကင်းအောင် ကုသချိန်လည်း အထိုက်အလျောက် ကြာမြင့် နိုင်ပါသည်။
အနေအထိုင် အသွားအလာ အထူးဂရုစိုက်ရမည်ဖြစ်သည်။ လိုအပ်က ဆေးရုံတက်ပြီး
“ခါးဆွဲ” ရသည် (Lumbar Traction)။ ခါးကို ကျောက်ပတ်တီး ကိုင်ရသည်။ အခြေအနေ
ဆိုးရွားက ခွဲစိတ်ကုသမှု ခံယူရသည်အထိ ဖြစ်ပါသည်။
မည်သို့ဆိုစေ လူနာတော်တော်များများသည်
အောက်တွင်ရေးသားဖေါ်ပြထားသည့် အကြောင်းအရာများကို လေ့လာဖတ်ရှုခြင်းဖြင့်
မိမိကိုယ်ကို ဦးစွာ ပြုစုကုသခြင်းနှင့် ပိုမိုဆိုးရွားမသွားစေရန်
ကာကွယ်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။
ရောဂါဖြစ်ရသော အကြောင်းအရင်းများ
၁။ခါးရိုးဆစ်နှစ်ခုအတွင်းရှိ အရွတ်ပြားအ၀ိုင်း ပေါက်ထွက်သွားခြင်းဖြင့်လည်းကောင်း (Herniatied Lumbar Disc)။
၂။ ခါးရိုးဆစ်များ အဆစ်ရောင်ရောဂါဖြစ်ခြင်း(သို့)
အဆစ်ခိုင်သွားခြင်းကြောင့်လည်း ကောင်း (Osteo- Arthritis of Ankylosing
Spondylitis)။
၃။ ခါးရိုးဆစ်တီဘီဖြစ်၍ (သို့) ခါးရိုးဆစ်ပိုင်း အာရုံကြောအကျိတ်ဖြစ်၍ လည်းကောင်း (Tuberculosis and Spinal Neoplasm)။
၎။ ခါးရိုးနှင့် တင်ပါးပတ်ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ ထိခိုက်ပျက်စီးမှုဖြစ်၍ လည်းကောင်း
စသည့်အကြောင်းများကြောင့် ဖြစ်ရလေသည်။ နံပါတ် (၁) အမျိုးအစားသည် အဖြစ်အများဆုံး ဖြစ်လေသည်။
ရောဂါလက္ခဏာများ
၁။ နာခြင်း၊ ကိုက်ခြင်း၊ အောင့်ခြင်း၊ ကျဉ်ခြင်း၊
ထုံခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ ပူခြင်း၊ စူးခြင်း၊ တင်ပါးခွက်နေရာ
ပေါင်အနောက် ခြေသလုံးအနောက်မှ ခြေဖ၀ါးအထိ ဖြစ်နိုင်လေသည်။
၂။ အချို့လူနာများတွင် ခါးရိုးဆစ်ကလေးများအား လက်နှင့် ဖိကြည့်က နာခြင်း၊ အချို့ကြွက်သားလေးများ ကိုင်ကြည့်က နာခြင်း။
၃။ အာရုံခံစားမှု ချွတ်ယွင်းခြင်း။
၎။ ကြွက်သားအချို့ အားနည်းလာခြင်း၊ သေးလာခြင်း။
၅။ လမ်းလျှောက်ပုံ မမှန်ခြင်း။
၆။ ခါးရိုးစောင်းခြင်း။
၇။ အချို့ ခါးကုန်းမရခြင်း။
၈။ ပေါင်ရင်း အရှေ့ဘက်နားမှ “တောက်”ခြင်း။
၉။ အထိုင်အထ ခက်ခြင်း။
၁၀။ နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြစ်က ပိုဆိုးခြင်း။
ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်း ၏သဘော
ခါးနာပေါင်တန်းသော လူနာတိုင်းသည် မည်သည့်အကြောင်းကြောင့်
ဖြစ်ဖြစ် နာကျင်ခြင်းကို ခံစားရလေသည်။ ရောဂါဖြစ်ရသော အကြောင်းအရင်းသည်
ဆိုင်ယက်တစ် အာရုံကြောရောင်ခြင်း (သို့) ဖိမိခြင်းကြောင့် ဖြစ်က
နာကျင်ခြင်းသည် ခြေကျင်းဝတ်နှင့် ခြေဖ၀ါးအထိ မကြာခဏ ရောက်တတ်သည်။
ကြွက်သားများ ၊ အရွတ်များ ထိခိုက်ပျက်စီးမှုဖြစ်က ချောင်းဆိုး၊ နှာချေတိုင်း
ပိုမိုနာကျင်ခြင်းဖြစ်ရသည်။
ပက်လက်အိပ်လျက် နာကျင်သောဘက်မှ ခြေထောက်အား
ဒူးဆန့်လျက်အပေါ်သို့ ပင့်တင်က တင်ပါး (သို့) ခြေထောက်နာခြင်း
ပိုဖြစ်နိုင်လေသည်။ အကြောင်းမှာ တင်ပါး၏ အနောက်ဘက်ရှိ ကြွက်သားများ၊
အရွတ်များအား ဆွဲဆန့်ထား၍ ဖြစ်သည်။ ခြေထောက်ကို မြှောက်ထားစဉ်
နာသောနေရာသို့ ရောက်သောအခါ ခြေကျင်းဝတ်အား အပေါ်သို့ တစ်ဆုံး ကော့တင်ပေးက
ပို၍နာကျင်ပေမည်။ အာရုံကြော (သို့) အာရုံကြောဆုံ ရောင်ရမ်းခြင်းမှ
ပိုနာမည်ဖြစ်သည်။ အကယ်၍ ထိခိုက်မှုသည် ကြွက်သားများ အရွတ်များတွင်သာ ဖြစ်က
ခြေကျင်းဝတ်အား ကော့တင်ပေးခြင်းဖြင့် ပိုနာမည် မဟုတ်ပေ။
အာရုံကြော နှင့်အာရုံကြောဆုံတို့တွင် ထိခိုက်မှုဖြစ်က သက်ဆိုင်ရာကြွက်သားများ အားနည်းလာခြင်း၊ ကြာသော် သိမ်သွားခြင်း ဖြစ်ရပေမည်။
ကုသနည်းများ
အနားယူခြင်း။ ။
ခါးနာပေါင်တန်းခြင်းဖြစ်က ထိထိရောက်ရောက်အနားယူရန် အလွန်ရေးကြီးသည်။
အနားယူခြင်း ဆိုသည်မှာ ကြာကြာမတ်တတ်မရပ်ခြင်း၊ မထိုင်ခြင်း၊
ခါးမကုန်းခြင်း၊ အလေးအပင် မ မ ခြင်း၊ ကိုယ်အား ဖြုန်းစားမလှည့်ရခြင်း၊
မကြာခဏ မှောက်အိပ်ပေးခြင်း၊ ပက်လက်ကုလားထိုင် မထိုင်ခြင်း၊ နှိပ်ခြင်း
နယ်ခြင်း မလုပ်ခြင်း၊ စက်ဘီး ဆိုက်ကား မစီးရခြင်း တို့ဖြစ်သည်။ အကြောင်းမှာ
ဤဝေဒနာသည် မည်မျှဆေးစားခြင်း၊ လေ့ကျင့်လှုပ်ရှားခြင်း၊ အပူပေးခြင်း
ပြုလုပ်ပြုလုပ် စနစ်တကျ အနားမယူလျင် သက်သာမှုမရနိုင်သောကြောင့် ဖြစ်လေသည်။
အပူပေးခြင်း။ ။
ဤရောဂါဝေဒနာဖြစ်ရခြင်း အကြောင်းအရင်းသည် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း
ခါးရိုးဆစ်များနှင့် တင်ပါးထွက် အာရုံကြော (Sciatic Nerve) အား
အခြေပြု၍ဖြစ်လေရာ ခါးနှင့် တင်ပါးအား ဦးစားပေးကပ်ပြီးမှ ကျန်သော ခြေသလုံး၊
ပေါင် စသည်တို့ရှိ နာသောနေရာတ၀ိုက်အား ရေနွေးကပ်ပေးနိုင်ပါသည်။ ရေနွေးအား
သိပ်ပူပူမပေးရ၊ ခပ်နွေးနွေးနှင့် ကြာကြာကပ်ပေးရမည်။ တစ်နေ့လျင် အနည်းဆုံး
သုံးကြိမ် ကပ်ပေးပါ။ အကြောအဆစ်ကုသဌာနတွင်လည်း စက်ဖြင့် အပူပေးကုသပေး ပါသည်။
တုတ်ကိုင်လမ်းလျှောက်။ ။
ခါးနာပေါင်တန်းခြင်း ဖြစ်သူများသည် များသောအားဖြင့် ခါးစောင်းခြင်း၊
ခြေဆွဲခြင်း၊ ကြာကြာလမ်းမလျှောက်နိုင်ခြင်းများ ဖြစ်တတ်ရာ နာသောဘက်တွင်
တုတ်ကိုင်လျက်လမ်းလျှောက်ခြင်းဖြင့် မူလ ဝေဒနာအား သက်သာမှု များစွာ
ရနိုင်ပေသည်။ လမ်းလျှောက်ပုံလည်း အခြေအနေဆိုးလာရန်
အခွင့်အလမ်းနည်းပါးလာမည်။ လူနာများသည် တုတ်ကိုင်၍ လမ်းလျှောက်ရမည်ကို
အလွန်ရှက်တတ်ကြသည်။ ထိုအခါကျမှ “တုတ်နဲ့ လျှောက်တော့မှ
တော်တော်လေးသက်သာကြောင်း” ၀န်ခံတတ်ကြသည်။ ထိုကြောင့် တုတ်ကိုင်၍ လျှောက်ပါ၊
မရှက်ပါနှင့်ဟု မှာချင်ပါသည်။
လေ့ကျင့်လှုပ်ရှားကုသခြင်း
ခါးနာပေါင်တန်းခြင်းဖြစ်ရသော လူနာများစွာသည် အပူပေးခြင်း၊
အနားယူခြင်းနှင့် သင်ပြပေးသော လှုပ်ရှားလေ့ကျင့်မှုများအား စနစ်တကျ
ပြုလုပ်ပါက များစွာသက်သာ ပျောက်ကင်းမှု ရရှိကြလေသည်။ အချိန်တော်တော်ကြာထိ
သက်သာပျောက်ကင်းမှု မရကြသူများမှာ (က) မူလရောဂါဝေဒနာ ဆိုးရွားခြင်း
နှင့်(ခ) အနားမယူနိုင်ခြင်း၊ ဂရုပြု ဆင်ခြင်နေထိုင်မှု မရှိခြင်းတို့ကြောင့်
ဖြစ်ရလေသည်။
မည်သို့ဆိုစေ ဆေးရုံသို့
သွားရောက်ကုသမခံယူနိုင်သူများအဖို့ ဤဖေါ်ပြပါ ကုသနည်းများအား
ပြုလုပ်ပေးခြင်းဖြင့် ရောဂါအခြေအနေသိပ်မဆိုးသူများ အဖို့ သက်သာမှု
ရရှိကြမည်ဖြစ်ပြီး ၊ ရောဂါအခြေအနေဆိုးသူများအဖို့ အမှားပြုမိခြင်းမှ
ကာကွယ်နိုင်ခြင်းနှင့် ရှေ့ဆက်ပြုလုပ်ရမည်များ (ဆေးရုံတက်ကုသခြင်းများကို
ဆိုလိုပါသည်) ကို သိရှိသဘောပေါက်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။
အောက်ဖေါ်ပြပါ လေ့ကျင့်လှုပ်ရှားမှုများသည် လွယ်ရာမှ
ခက်ရာသို့ လည်းကောင်း၊ အခြေခံမှ တိုးတက်မှုသို့လည်းကောင်း၊
အဆင့်ဆင့်ဖေါ်ပြထားပေရာ အဆင့်မကျော်ပဲ အခြေခံမှ စတင်ပြုလုပ်သင့်သည်။
ရောဂါအမျိုးအစားနှင့် ဝေဒနာအခြေအနေကိုလိုက်၍ ပြုလုပ်ရမည်ဖြစ်ရာ ရက်အားဖြင့်
တိတိကျကျပြောဆို သတ်မှတ်၍မရပါ။ မိမိဝေဒနာ၏ အခြေအနေအရ
နှိုင်းနှိုင်းချိန်ချိန် ပြုလုပ်ကြရန် ဖြစ်ပါသည်။
၁။ လူနာသည် ပက်လက်အိပ်လျက် အနေအထားဖြင့် ရှိနေရမည်။
လက်နှစ်ဘက်အား ဘေး၌ချထားပါ။ ထိုနောက် ခြေထောက်နှစ်ချောင်းအား
ဆန့်ဆန့်ထားပါ။ တဖြည်းဖြည်း ခါးကော့ပေးပါ။ တနည်းပြောရလျင်
ဗိုက်ပူထုတ်ပေးပါ။ ခါးအောက်၌ လက်ဖ၀ါးလျှိုသွင်း၍ ရသည်အထိ
တဖြည်းဖြည်းချင်းကော့တင်ပေးပါ။ ထိုသို့ပြုလုပ်နေစဉ် ကျောနှင့်တင်ပါးအား
အိပ်ရာမှ ကြွမတက်စေရ။ ခါးတစ်ခုတည်းသာ ကြွတက်စေရမည်။ လေ့ကျင့်ခန်းအား
တဖြည်းဖြည်းချင်း ပြုလုပ်ပေးပါ။ ဖြုန်းစား မ တင်လိုက်က ခါးမျက်သွားခြင်း ၊
တင်ပါးခွက်စူးအောင့်ခြင်း ဖြစ်နိုင်လေသည်။ မနာခင် အထိသာ ကော့တင်ပေးပါ။
နာသည်အထိ အပြုလုပ်ရ။ ကော့တင်ခြင်းပြီးက ပြန်ချပေးပါ။ စ၍လုပ်သည့်နေ့တွင်
ငါးကြိမ်ခန့်သာ ပြုလုပ်ပါ။ ထိုနောက်မှ ခြောက်ကြိမ်မှ ဆယ်ကြိမ်အထိ တစ်နေ့ထက်
တစ်နေ့တိုးတက်ပြုလုပ်သွားရမည်။ ဤသို့ဖြင့် ခါးရိုးဆစ်များအား ထောက်မ
ကာကွယ်ထားသော တစ်ဘက်တစ်ချက်မှ ကြွက်သားများအထိုက်အလျောက်သန်စွမ်းလာကြမည်
ဖြစ်သည်။
ခါးရိုးဆစ်ကြွက်သားများ သန်စွမ်းမှုရှိက ရောဂါဝေဒနာမှ
ကြာရှည်သက်သာ ပျောက်ကင်းမှု ရနိုင်မည် ဖြစ်သည်။ အကြောင်းမှာ ကြွက်သားများ
မသန်စွမ်းက ခါးရိုးဆစ်များ၌ ဖြစ်ပေါ်လာနေသော ချွတ်ယွင်းမှုတိုင်းအား
ပိုမိုဆိုးရွားစေနိုင်၍ ဖြစ်ပါသည်။
၂။ လူနာသည် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း အိပ်နေရမည်။
ထိုနောက် ခါးကို တဖြည်းဖြည်း အပေါ်ကော့တင်ပေးပါ။ ခါးကို ကော့တင်ပြီးသောအခါ
ကျောပြင်အောက် ပိုင်းကိုပါ တဆက်တည်းပင့်တင်ပေးရမည်။ မနာခင်အထိသာ
ပင့်တင်ပေးပါ။ အားလုံးပြီးသောအခါ ကျောပြင်အောက်ပိုင်းနှင့် ခါးတို့သည်
အိပ်ရာမှ ကြွတက်နေ ပါမည်။ ထိုနောက် တဖြည်းဖြည်းအောက်သို့ ချပေးပါ။
ဤလေ့ကျင့်ခန်းကို လေ့ကျင့်ခန်း(၁) အတိုင်း ကောင်းစွာပြုလုပ်နိုင်မှ
စတင်လုပ်ပေးရမည်။
၃။ လူနာသည် မှောက်လျက် ဆန့်ဆန့်အိပ်နေရမည်။ ထိုနောက်
လက်နှစ်ဘက်အား အနောက်ဘက်သို့ယူပြီး တင်ပါးနှစ်ဖက်ပေါ် တင်ထားပါ။ ထိုနောက်
ခါးကော့လျက် ရင်ဘတ်အား အိပ်ရာမှ ကြွတက်ပေးပါ။ တဖြည်းဖြည်းကြွတင်လာပြီး
ခါးကြွက်သားများ တင်းနေကြောင်း တွေ့ရှိခံစားရမည်။ ဤလေ့ကျင့်လှုပ်ရှားမှုသည်
ဝေဒနာရှင် အချို့အဖို့ ခက်ခဲတတ်ရာ နည်းနည်းချင်းစ၍ လေ့ကျင့်သင့်ပါသည်။
မြန်မြန်နှင့် ဖြုန်းစားကြီး ကော့တင်ခြင်း မလုပ်ရပေ။
၎။ လူနာသည် မှောက်လျက် ဆန့်ဆန့် အိပ်နေရမည်။ ထိုနောက်
ခြေထောက်တစ်ဘက်အား ဒူးဆန့်လျက် အပေါ်သို့ မြှောက်တင်ပေးပါ။ ပထမတွင်
နိမ့်နိမ့်မြှောက်၍ နောက်ရက်များတွင် တဖြည်းဖြည်းတိုးတက် ပြုလုပ်ပါ။
ဖေါ်ပြပါ လေ့ကျင့်လှုပ်ရှားကုသမှုများအား
အကြိမ်ကြိမ်ပြုလုပ်လျင် ငါးကြိမ်မှ ဆယ်ကြိမ်၊ တစ်နေ့လျင် အနည်းဆုံး
သုံးကြိမ် ပြုလုပ်ပေးပါ။
၅။ အထက်ဖေါ်ပြပါနည်းလမ်းများကို ပြုလုပ်ပေးခြင်း၊
ဝေဒနာအခြေအနေသက်သာ လာပါက ရေကူးခြင်းအား ကုသမှုတစ်ရပ်အနေဖြင့်
ပြုလုပ်သင့်ပါသည်။ ရေကူးခြင်းအားဖြင့်လည်း
ရောဂါသက်သာရန်အထောက်အကူဖြစ်ကြောင်း တွေ့ရှိရတတ် ပါသည်။ ရေကူးခြင်းဟု
ဆိုရာတွင် ရေနက်နက်၌ ကူးပေးခြင်းအား ဆိုလိုသည်မဟုတ်ပါ။ ရေကူးဟန်
လှုပ်ရှား၍ရသော ရေအနက်တွင် အန္တရာယ်ကင်းစွာ ရေကူးလှုပ်ရှားပေးရန်
ဆိုလိုခြင်းဖြစ်ပါသည်။ ဝေဒနာရှင် အဖို့ ရေနက်နက်တွင် ရေမကူးသင့်ပါချေ။
ရေကူးပေးခြင်းဖြင့် ခန္ဓာကိုယ်ရှိ ကျောပြင်နှင့် ခါးကြွက်သားများ သန်စွမ်းမှု
အပြည့်အ၀ လှုပ်ရှားနိုင်မှုတို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။
ဆောင်ရန်၊ ရှောင်ရန်များ
၁။ ခါးမကုန်းရ၊ အလေးအပင်မ မ, ရ၊ ခန္ဓာကိုယ်အား လိမ်ခြင်း လှည့်ခြင်း မပြုလုပ်ရ။
၂။ ပက်လက်ကုလားထိုင်တွင် မထိုင်ရ၊ မွေ့ရာထူထူနှင့် မအိပ်ရ။
၃။ အနင်း၊ အနှိပ်မခံရ။
၎။ စုပ်မထိုးရ။
၅။ စက်ဘီး၊ ဆိုက်ကားမစီးရ။(ခါးဆစ်အား ဆောင့်၍ ဝေဒနာပိုဆိုးစေပါသည်)
၆။ ရေနွေးအိတ် ကပ်ပေးပါ။
၇။ အအေးမခံရ။ နွေးနွေး ထွေးထွေးနေပါ။
၈။ လမ်းလျှောက်ခက်ခဲက (သို့) ခါးစောင်းလာက တုတ်ဖြင့် လမ်းလျှောက်ပေးပါ။
၉။ လေ့ကျင့်လှုပ်ရှား ကုသမှုများအား မှန်မှန်လုပ်ပေးပါ။
၁၀။ ချောင်းဆိုး၊ နှာချေနေပါက ဆေးဝါးကုသမှု ခံယူပါ။ အခြေအနေပိုဆိုးသွားနိုင်၍ ဖြစ်ပါသည်။
၁၁။ မိမိဘာသာ ကုသ၍ တစ်ပတ်နှစ်ပတ်အတွင်း သက်သာမှု မရှိက ဆေးရုံသို့ သွားရောက်ပြသနိုင်အောင် ကြိုးစားပါ။
သူငယ်ချင်းများအားလုံး ရောဂါဘယ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ.........
No comments:
Post a Comment