ပခုံးကပ်ခြင်းသည် အကြောရောဂါဝေဒနာများအနက်
အဖြစ်အများဆုံး ရောဂါဝေဒနာ တစ်မျိုးလည်းဖြစ်သည်။ ဤရောဂါမျိုးဖြင့်
အကြောရောဂါကုဌာန (Physiotherapy Department) သို့ လာရောက်ကုသမှု
ခံယူသူများမှာ လူနာစုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ အထူးသဖြင့်
အသက် ၃၅ နှစ်မှ ၄၀နှစ် အထက်ပိုင်းတွင် အဖြစ်များသည်။ ပခုံးကပ်ခြင်းကို
လူနာများက မြန်မာလို “မှင်” ဟု ခေါ်တတ်ကြသည်။ အချို့သူများက အရိုးကင်ဆာဟု
အမည်တပ်ပြီး အကြောက်လွန်ကဲ နေတတ်ကြသည်။ မသိသဖြင့် အနှိပ်ခံသည်။ အနှိပ်သည်က
အားဖြင့် နှိပ်လိုက်၊ လက်ကို လိမ်လိုလိမ် ချိုးလို ချိုးလုပ်သဖြင့်
အခြေအနေပိုဆိုးပြီး ဆေးရုံသို့ နောက်ဆုံး၌ ရောက်လာတတ်ကြသည်မှာ မနည်းလှပါ။
အချို့သူများမှာ မည်သည့်ဆရာဝန်ထံမှ မပြသဘဲ အပေါ်ယံသဘောဖြစ်မည်ထင်ပြီး လက်ကို
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း၊ ပေါက်တူးပေါက်ခြင်းကဲ့သို့
လက်ကို အားစိုက်၍ လုပ်ရသော အလုပ်ကို နာလျက်နှင့် ကြိတ်မှိတ်လုပ်ခြင်းများ
လုပ်တတ်ကြရာ ရောဂါဝေဒနာ ပိုမိုဆိုးရွားလာခြင်းသာဖြစ်ကြရသည်။
ပခုံးရိုးဆစ်ဖွဲ့စည်းပုံ
ပုံတွင်ပြထားသည့်အတိုင်းပခုံးဆစ်သည် လက်ပြင်ရိုး
(Scapula) နှင့် လက်မောင်းရိုး (Humerus) တို့
ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယင်းအရိုးနှစ်ခု ထိတွေ့သော
မျက်နှာပြင်အား နူးညံ့သော အလွှာပါးလေး (Synovial Membrane) ဖြင့်
ဖုံးအုပ်ထားပါသည်။ ပခုံးဆစ်တစ်ခု ဖြစ်ပေါ်စေရန် အရှေ့ဘက် (Anterior)
အနောက်ဘက် (Posterior) အတွင်းဘက် (Internal) အပြင်ဘက်(Exteranl)
အပေါ်ဘက်(Superior) နှင့် အောက်ဘက်(Inferior) တို့တွင် အရွတ်ဆိုင်းများ
(Ligaments) ဖြင့်ငုံလျက် တွယ်ဆက်ပေးထားသည်။ ၄င်းအရွတ်ပြားများသည်
ကြွက်သားများကဲ့သို့ ရုန်းခြင်း (Contraction) ဆန့်ထွက်ခြင်း (Stretching)
မလုပ်နိုင်ပေ။ သို့ရာတွင် အရိုးများအား အဆစ်(Joint) ဖွဲ့စည်းဖြစ်ပေါ်စေရန်
ခိုင်ခိုင်မာမာ သံကြိုးသံတန်းများပမာ တွယ်ဆက်ပေးထားပါသည်။
အဆစ်၏အပေါ်၌ အရွတ်ဆိုင်းများသည် အိတ်သဖွယ်
အဘက်ဘက်မှ ငုံထားလျက် အရွတ်များပေါ်တွင်မှ ကြွက်သားများရှိကြလေသည်။
ယင်းကြွက်သားများ ၏ ရုန်းခြင်း ဆန့်ထွက်ခြင်း တို့ကြောင့် အဆစ်၏ ကွေးခြင်း
ဆန့်ခြင်း အတွင်းအပြင်လှည့်ခြင်း (Rotation) စသည့်လှုပ်ရှားမှုများ
ဖြစ်ရလေသည်။ အရိုးအဆစ်များသည် အမာခံအဆောက်အအုံများဖြစ်ကြပြီး
ကြွက်သားများမရှိက မလှုပ်ရှားနိုင်ကြပေ။
ပခုံးဆစ်၏ လှုပ်ရှားမှုများ
၁။ လက်မောင်းကို အရှေ့ဘက်သို့ မြှေက်ခြင်း (Flexion)
၂။ လက်မောင်းကို အနောက်ဘက်သို့ မြှောက်ခြင်း (Extension)
၃။ လက်မောင်းကို အတွင်းဘက်သို့လှည့်ခြင်း (Internal Rotation)
၎။ လက်မောင်းကို အပြင်ဘက်သို့လှည့်ခြင်း (External Rotation)
၅။ လက်မောင်းကို ဘေးဘက်သို့ မြှောက်ခြင်း (Abduction)
၆။ လက်မောင်းကို ကိုယ်ခန္ဓာဘက်သို့ ဆွဲကပ်ခြင်း (Adduction)
၇။ လက်မောင်းကို ၀ိုက်၍လှည့်ခြင်း (Circumduction)
ပခုံးကပ်ခြင်းဟူသည်
အချို့က လက်မောင်းကပ်သည်ဟု ပြောကြ၍ အချို့က
ပခုံးကပ်သည်ဟု ပြောကြသည်။ မည်သို့ခေါ်ခေါ် အတူတူပင် ဖြစ်သည်။ မည်သို့သော
အကြောင်းကြောင့် ဖြစ်စေ အဆစ်ကို ငုံထားသော အရွတ်ပြားများ (Capsule)
ကပ်သွား၊ ရှုံ့သွားသဖြင့် ပခုံးဆစ်သည် ခါတိုင်းကဲ့သို့
ချောင်မနေတော့ခြင်းကို ပခုံးကပ်ခြင်း၊ လက်မောင်းကပ်ခြင်းဟုခေါ်သည်။
သက်ဆိုင်ရာ အရိုးများအနေဖြင့် အနေအထားပျက်ခြင်း ၊ ကျိုးခြင်းများမရှိပါချေ။
အရွတ်ပြားများ ကပ်သွားရှုံ့သွားသည့်အပြင် ဘေးပတ်ဝန်းကျင်မှ ကြွက်သားများ
တင်းလာသဖြင့်လည်းပခုံးဆစ်လှုပ်ရှားမှု ပိုမိုကျပ်လာခြင်းလည်းဖြစ်တတ်ပါသည်။
ကြွက်သားများတင်းလာရခြင်းမှာ နာသောဝေဒနာကြောင့်ဖြစ်သည်။ ခန္ဓကိုယ်၏ သဘာဝက
လူအားဝေဒနာဖြစ်နေစဉ် ငြိမ်ငြိမ်နေစေလို၍ ကြွက်သားများတင်းလျက်
ထိန်းချုပ်ထားခြင်းဖြစ်သည်။ ယင်းကို ခန္ဓာကိုယ်ကာကွယ်မှုဖြစ်စဉ် (Protective
Mechanism) ဟုခေါ်ပါသည်။ ပခုံးကပ်ခြင်းအစစ်သည် အရွတ်ပြားများ ကပ်သွား
ရှုံ့သွားခြင်းကြောင့်ဖြစ်ပြီး အချို့ပခုံး လှုပ်မရခြင်းမှာ
ပခုံးကြွက်သားများ တင်းနေ၍ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ပိုမို၍ ကုသရ
လွယ်သည်။ အပျောက်မြန်သည်။
ပုခုံးကပ်ခြင်း၏ အကြောင်းအရင်းများ
၁။ အရိုးအဆစ်ရောဂါ (Arthritis) ကြောင့်လည်းကောင်း
၂။ အဆစ်အတွင်းအပြင်မှ အရည်အိတ်ကလေးများ (Brusa) ရောင်ရမ်းလာခြင်း ကြောင့်လည်းကောင်း
၃။ လက်မောင်းတစ်ဘက်ပေါ်၌ ကြာကြာဖိအိပ်မိလျင်လည်းကောင်း
၎။ တစ်စုံတစ်ခုအား လက်ဖြင့်ပစ်ရန် ရည်ရွယ်ခြင်း၊ ပစ်ခြင်းဖြင့်လည်းကောင်း
၅။ ပခုံးဖြင့် လဲကျ၍လည်းကောင်း
၆။ ပခုံးပေါ် အလေးအပင်ဖိမိ ရိုက်မိ၍လည်းကောင်း
၇။ တံတောင်ဆစ် လက်ကောက်ဝတ်များကျိုးပြီး နောက်ပိုင်း အကျိုးအဆက်အဖြစ်လည်းကောင်း(Post Traumatic conditions)
၈။ လေးလံသော ပစ္စည်းများအား မ လိုက်ရာမှ လည်းကောင်း
စသည့်ကြောင်းများကြောင့် ဖြစ်တတ်ပါသည်။
ရောဂါလက္ခဏာများ
လက်မောင်းအောင့်ခြင်း၊ လက်ပြင်အောင့်ခြင်း၊
ပခုံးဆစ်လှုပ်ရှားမှု ချောင်ချောင်ချိချိမရှိခြင်း၊ ပခုံးထိပ်မှလည်းကောင်း၊
အရှေ့ဘက်မှ လည်းကောင်း၊ အနောက်ဘက်မှလည်းကောင်း နာခြင်း၊ အထိအကိုင်
မခံနိုင်ခြင်း၊ အချို့မှာ လက်မောင်းကြွက်သားအနည်းငယ် (သို့) သိသိသာသာ
သိမ်သွားခြင်း၊ နာသည့်ဘက်သို့ ဖိအိပ် စောင်းအိပ်၍ မရခြင်း၊
မျက်နှာမသစ်နိုင်ခြင်း၊ လုံချည်မ၀တ်နိုင်ခြင်း၊ ခေါင်းမဖြီးနိုင်ခြင်း၊
အမြင့်မှ ပစ္စည်းတစ်ခုခုသို့ လက်မရောက်နိုင်ခြင်း၊ အင်္ကျီဝတ်ရာတွင်
လက်လျှိုမရခြင်း၊ အချို့သောလူနာများတွင် ပခုံးဆစ်အနည်းငယ်ရောင်ခြင်း၊
ပတ်ဝန်းကျင်မှ ကြွက်သားများတင်းနေတတ်ပြီး အချို့လူနာများ တွင်
လက်မောင်းကြွက်သားအဖု အလုံး အမြှောင်းလိုက်မြင်တွေ့ရခြင်း၊(ယင်းကို
ရောင်ရမ်းခြင်း (Swilling) ဟုမှားယွင်းထင်မြင်တတ်ကြ သည်။ အမှန်မှာ
ရောင်ရမ်းခြင်းမဟုတ်ဘဲ ကြွက်သားတင်းခြင်း (Spasm) သက်သက်သာ ဖြစ်သည်။
ကုသနည်း
(က) အနားယူခြင်း
ပထမတစ်ရက်နှစ်ရက်ဖြစ်စ အခြေအနေနှင့် အလွန်နာနေသော
အခြေအနေများ တွင် အနားယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ အနားယူခြင်းဆိုသည်မှာ
နာသည့်လက်ကို လုံးဝမနာစေရန် ဂရုစိုက်ခြင်းပင်ဖြစ်သည်။
အချို့သောလူနာများသည် နာသောနေရာအား ခဏခဏကိုင်ကြည့်ခြင်း၊
ပို၍နာအောင်လုပ်ကြည့်ခြင်းများ လုပ်တတ်ကြရာ ထိုသို့မလုပ်မိစေရန်
ဂရုပြုရမည်။
(ခ) အပူပေးခြင်း
နာသောနေရာ ပတ်ဝန်းကျင်၌ ရောင်ရမ်းခြင်းမရှိက
ရေနွေးအိတ်ကပ်ခြင်း၊ ကျပ်ထုပ်ထိုးခြင်းများ ပြုလုပ်ပေးရမည်။ ရေနွေးသည်
ခပ်နွေးနွေးဖြစ်စေရမည်။ သိပ်မပူ စေရ၊ ရေနွေးအလွန်ပူပါက ကြွက်သားများ
ပို၍တင်းလာတတ်သည်။ အသားပူလောင် တတ်သည်။ ရေနွေးအိတ် (သို့) ရေနွေးပုလင်းအား
အ၀တ်များပတ်လျက်လိုအပ်ရုံမျှ ရေနွေးကပ်ပေးရမည်။ ၁၅ မိနစ်၊ မိနစ် ၃၀
ခန့်ဆက်တိုက်အပူကပ်ပေးနိုင်လျင် ပိုကောင်းပါသည်။ ပုခုံး၏အရှေ့အနောက်
ဘေးတစ်ဝိုက်အားလုံးကို ရေနွေးကပ်ပေးပါ။ တစ်နေ့လျင် သုံးကြိမ်နှင့်
အထက်ကပ်ပေးရမည်။
(ဂ) လေ့ကျင့်ခန်းလုပ်ခြင်း
ရေနွေးကပ်ပြီးသောအခါ အိပ်လျက်အနေအထားဖြင့်ဖြစ်စေ၊
ထိုင်လျက်အနေ အထားဖြင့်ဖြစ်စေ မတ်တတ်ရပ်လျက်အနေအထားဖြင့်ဖြစ်စေ၊ လက်ကို
အရှေ့သို့ မြှောက်တင်ခြင်း၊ နောက်ဘက်သို့ လှုပ်ရှားခြင်း၊
အတွင်းအပြင်လှည့်ခြင်းများ ညင်သာစွာပြုလုပ်ပေးရမည်။ နာအောင်မလုပ်ရ။
နာလျင်အမြန်ပျောက်မှာပဲဟူသော အတွေးမျိုးဖြင့် ကြိတ်မှိတ်လုပ်ခြင်းမျိုး
မပြုလုပ်ရ၊ အကြောင်းမူကား မူလ ဝေဒနာ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ
ပို၍ဆိုးသွားနိုင်သောကြောင့်ဖြစ်သည်။ ရောဂါ၏ သဘာဝအတိုင်း အတက်အကျဖြစ်စဉ်အရ
တဖြည်းဖြည်းပျောက်အောင် ကုသရမည် ဖြစ်သည်။ အခုဖြစ် အခုပျောက်စေ
သဘောမျိုးကုသခြင်းသည် လူနာတစ်ရာလျင် တစ်ယောက် ကံကောင်းထောက်မလွန်းမှ
ကောင်းသွားတတ်သည် ဖြစ်၏။ သို့ဖြစ်ရာ လက်ကို လှုပ်ရှားမှု ပြုလုပ်ရာ၌
ပထမနေ့တွင် မနာခင်အထိသာ လုပ်ပေးရမည်။ နောက်နေ့များတွင် တနေ့ထက်
တနေ့နည်းနည်းစီတိုး၍ လှုပ်ရှားပေးခြင်း၊ မြှောက်တင်ခြင်းများ
ပြုလုပ်ပေးရမည်။ အလျင်မလိုရ။
ဤသို့ဖြင့် လက်လှုပ်ရှားမှုများချောင်လာမည်၊
နာကျင်မှု သက်သာလာမည်။ ကြွက်သားတင်းခြင်းများ လျော့ပါးလာမည်ဖြစ်သည်။
ရောဂါဝေဒနာ အမျိုးအစား ကုသမှုနည်းစနစ် တိကျမှန်ကန်မှု ၊ လူနာ၏ ဂရုစိုက်မှု
ကြိုးစားမှု စသည့်အချက်များ အရ လူနာတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းရန်
အချိန်မတူညီတတ်ကြပေ။
အများစုမှာ ရက်သတ္တပတ် တပတ်မှ သုံးပတ်အတွင်း သက်သာ ပျောက်ကင်းမှု ရတတ်ကြပြီး အချို့လူနာများမှာ လပိုင်းသို့ ကူးသွားတတ်ပါသည်။
အလွန်နာသော လူနာများသည် မိမိနှင့် သင့်လျော်သော
အကိုက်အခဲ ပျောက်ဆေးတစ်မျိုးမျိုး ကို ချိန်ဆ၍ သုံးစွဲနိုင်ပါသည်။
ဆရာဝန်နှင့် ပြသဆွေးနွေးပြီးမှ စားသုံးက ပို၍ကောင်းမွန်ပါသည်။
အချို့လူနာများတွင် အစာအိမ်ရောဂါ ရှိတတ်ကြရာ အကိုက်အခဲပျောက်ဆေးများဖြင့်
မတည့် ဖြစ်တတ်လေသည်။ ဆရာဝန်ထံ မှန်မှန်သွား ရောက်
ကုသတိုင်ပင်ခြင်းမပြုနိုင်သော်လည်း အနည်းဆုံးတစ်ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး
သင့်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ရာတွင် အချို့သောလူနာများသည်
နာမှာစိုး၍လည်းကောင်း၊ အနာမခံချင်သဖြင့် လည်းကောင်း၊ ပို၍ဆိုးသွားမှာစိုး၍
လည်းကောင်း ၊ လေ့ကျင့်ခန်းလုံးဝ မလုပ်ဘဲ နေတတ်ကြသည်။ အချို့ကမူ
ပျောက်ချင်သော ဆန္ဒဇောဖြင့် လေ့ကျင့်ခန်းကို လွန်လွန်ကဲကဲ လုပ်တတ်ကြသည်။
ထိုအစွန်းတရားနှစ်ပါး ကို ရှောင်သင့်ပါသည်။ လှုပ်ရှားမှု နှစ်မျိုးရှိသည်။
(၁) ရိုးရိုးလှုပ်ရှားမှု (Simple Movement)
(၂) လုပ်ကိုင်အသုံးချမှုဆိုင်ရာ လှုပ်ရှားမှု(Functional movement)
လေ့ကျင့်ခန်းအစပိုင်းရက်များတွင် ရိုးရိုးလှုပ်ရှားမှု
ပြုလုပ်ပေးရမည်။ ရိုးရိုးလှုပ်ရှားမှုများ အတော်အတန်ရလာပြီး နာခြင်း၊
အောင့်ခြင်းများ သက်သာမှုရှိလားသောအခါ လုပ်ကိုင် အသုံးချမှုဆိုင်ရာ
လှုပ်ရှားမှုများသို့ ထပ်ဆင့်တက်လှမ်းကြရမည်ဖြစ်သည်။ ပထမလှုပ်ရှားမှု
အမျိုးအစားမှာ အဆစ်ပိုမိုကပ်မသွားစေရန် ကာကွယ်ခြင်း၊ အဆစ်ပို၍
ချောင်လာစေခြင်း၊ တင်းတောင့်နေသော ကြွက်သားများ ပျော့ပျောင်းလာစေခြင်းတို့
အတွက်ဖြစ်ပြီး ဒုတိယ လှုပ်ရှားမှု အမျိုးအစားမှာ လူတစ်ယောက်အနေဖြင့်
နေ့စဉ်သွားလာဆောင်ရွက်မှုများ မူလအတိုင်းပြန်လည်လုပ်ကိုင်နိုင်စေရန်
ရည်ရွယ်ပါသည်။ လူနာအနေဖြင့် ရောဂါဝေဒနာ၏ အခြေအနေကိုလိုက်၍ တစ်ဆင့်ပြီး
တစ်ဆင့် တိုးတက်ပြုလုပ်သွားရမည်ဖြစ်သည်။ ပျောက်စေလိုသော ဇောဖြင့်
အဆင့်ကျော်လုပ်က ဝေဒနာပိုဆိုးသွားတတ်ပါသည်။
ပခုံးဆစ်လေ့ကျင့်ခန်းများ
(Therapeutic Exercise)
လေ့ကျင့်ခန်း (၁)
လူနာသည် ခုတင်ပေါ်၌ ပက်လက်အနေအထားဖြင့်အိပ်နေရမည်။
ခေါင်းအုံးပေါ်၌ ခေါင်းသာရှိနေစေရမည်။ ပခုံးဆစ်သည် ခေါင်းအုံးပေါ်သို့
ရောက်မနေစေရ။ နာသောလက်ကို တံတောင်ဆစ် ဆန့်ထားနိုင်က ဆန့်လျက် ဘေး၌ ချထားပါ။
မဆန့်ထားနိုင်က တံတောင်ဆစ်ကွေးလျက် လက်ထောင်ထားပါ။ ပထမဆုံး
ပခုံးနှစ်ဖက်လုံးကို အိပ်ရာပေါ်သို့ ကျနေ ထိနေစေရန် စိတ်ကို လျှော့ချခြင်း၊
ကြွက်သား လျှော့ခြင်း (Relaxation) ပြုလုပ်ရမည်။ ကောင်းသောလက်ဖြင့်
ဖိချခြင်းမပြုလုပ်ရ။ အကြောင်းမှာ နာသော ပခုံးသည်
ကြွက်သားများတင်းခြင်းကြောင့် အိပ်ရာမှ ကြွတက်နေတတ်ကြ သည်။
ယင်းသို့ဖြစ်နေခြင်းကို တဖြည်းဖြည်းအနောက်ဘက်သို့ ဖြေလျှော့ပေးရမည်။
ပခုံးကို ညင်သာစွာ စိတ်ဖြင့်အောက်သို့ လျှော့ချနိုင်အောင် ကြိုးစားရမည်။
လေ့ကျင့်ခန်း(၂)
အထက်ဖေါ်ပြပါ အနေအထားဖြင့် ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ
ပခုံးကြွက်သားများ အား စိတ်ဖြင့် ညှစ်(Contract)ပေးရမည်။ မာလာအောင်
တင်းပေးရမည်။ အခြားလက်တစ်ဖက် ဖြင့် ညှစ်ခြင်း၊ ဖိခြင်းမပြုလုပ်ရ။
ပခုံးကြွက်သားများအား တင်းလိုက် လျှော့လိုက် စိတ်ဖြင့် အာရုံပြု
လုပ်ပေးခြင်းဖြင့် မူလတင်းနေသော ပခုံးကြွက်သားများ အထိုက်အလျောက်
ပျော့ပျောင်းလာခြင်း၊ ကျပ်နေသော ပခုံးဆစ်များ ချောင်လာပေမည်။
မိမိလုပ်နိုင်သရွေ့ တစ်ခါလျင် ငါးကြိမ်၊ ဆယ်ကြိမ်ခန့် အတင်းအလျော့
လုပ်ပေးပါ။ တနေ့သုံးကြိမ်ခန့် လုပ်ပေးပါ။ အလွန်နာလျင် အကြိမ်လျော့ပါ။
ပိုနာအောင် မလုပ်ရ။
လေ့ကျင့်ခန်း (၃)
လူနာသည် ပက်လက်အိပ်နေရမည်။ နာသောလက်ကို
ကောင်းသောလက်ဖြင့် ကိုင်လျက် တဖြေးဖြေးအပေါ်သို့ မြှောက်တင်ရမည်။
လက်မောင်းသည် ချိုင်းနှင့် ထိ ကပ်လျက် အပေါ်သို့ မြှောက်တက်သွားစေရမည်။
လက်မောင်းဘေးဘက်သို့ ကားမသွားစေရ။ နာသောလက်အနေဖြင့်
မိမိခံနိုင်သရွေ့အားစိုက်လျက် မ တင်ရမည်။ ကောင်းသောလက်သည် လိုအပ်သလောက်သာ
အကူအညီပေးရမည်။ အားဖြင့် ဆွဲတင်ခြင်းမလုပ်ရ။
နာသောလက်ရောက်နိုင်သောနေရာအထိသာ ချော့၍တဖြည်း ဖြည်းချင်း တင်ပေးရမည်။
မိမိအများဆုံး မ တင်နိုင်သော နေရာသို့ ရောက်လျင် ခဏ ရပ်နားပြီးမှ လက်ကို
တဖြည်းဖြည်းထိန်းလျက် အောက်သို့ ပြန်ချပါ။ ဗြုန်းစားချက
အကြောမျက်သွားခြင်း၊ ပခုံးဆစ်နာခြင်းဖြစ်တတ်လေသည်။
လေ့ကျင့်ခန်း (၄)
တံတောင်ဆစ်အား တ၀က် ၉၀ဒီဂရီ ကွေးလျက် လက်ဖ၀ါးကို
မျက်နှာဘက် လှည့်၍ ထားရမည်။ တံတောင်ဆစ်သည် ကိုယ်နှင့်ကပ်လျက် ရှိစေရမည်။
ထိုနောက် တံတောင်ဆစ်အား ကိုယ်နှင့် တတ်နိုင်သရွေ့ဝေးသွားစေရန် ဘေးဘက်သို့
ကားသွား ယူသွားရမည်။ ထိုသို့ ပြုလုပ်နေစဉ် လက်ဖ၀ါးသည် မျက်နှာဘက်သို့
လှည့်လည်လျက် ရှိနေရမည်ဖြစ်ပြီး ပခုံးဆစ်အပေါ်သို့ တက်မသွားစေရန်
ဂရုပြုရမည်။ ပုခုံးဆစ်အပေါ်သို့ တက်သွားက လက်မောင်းလှုပ်ရှားမှုတကယ်
တိုးတက်လာမည်မဟုတ်ပေ။ လိုအပ်က ပခုံးဆစ်မှ ခေါင်းဘက်မှ ခြေဖက်သို့
လက်ဖ၀ါးဖြင့် တွန်းပေးထားက စစ်မှန်သော လက်မောင်းလှုပ်ရှားမှု ရမည်ဖြစ်သည်။
တံတောင်ဆစ်အား အိပ်ရာမှ များစွာမ တင်ခြင်း မပြုရ။ လက်တစ်လုံးမျှသာ
ကြွစေလျက် ဘေးသို့ကားသွားအောင်လုပ်ရမည်။ ဤလက်မောင်းလှုပ်ရှားမှုသည်
ခက်ခဲတတ်ရာ စိတ်ရှည်ရှည်ဖြင့် တဖြည်းဖြည်းချင်း လုပ်ကြည့်ကြရန်
လိုအပ်ပါသည်။ မြန်မြန်လုပ်ခြင်းဖြင့် မှားယွင်းသော လှုပ်ရှားမှု (False
Movements) သာ ဖြစ်စေမည်ဖြစ်သည်။
လေ့ကျင့်ခန်း (၅)
ပုံတွင်ပြထားသည့်အတိုင်း တံတောင်ဆစ်အား
တ၀က်ကွေးထားလျက် ကိုယ်မှ လက်တစ်ဝါးစာ အကွာတွင်ရှိနေစေရမည်။
လက်ကောက်ဝတ်နှင့် လက်ချောင်းများ အား ဆန့်ဆန့်ဖြန့်လျက် လက်ဖ၀ါးကို
မျက်နှာဘက်လှည့်ထားပါ။ ထိုနောက် ပုံတွင်ပြ ထားသည့်အတိုင်း တံတောင်ဆစ်အား
အိပ်ရာပေါ်၌ အသေထောက်ထားလျက် လက်ဖျံနှင့် လက်ဖ၀ါးကို လက်မဘက်သို့လည်းကောင်း၊
လက်သန်းဘက်သို့ လည်းကောင်း တဖြည်းဖြည်းလှဲချခြင်း ပြုလုပ်ရမည်။ သဘောမှာ
ပခုံးဆစ်အား ဗဟိုပြုပြီး လက်မောင်းကို အတွင်းဘက် အပြင်ဘက်သို့
လှည့်ပေးခြင်းဖြစ်၏။ ဤလှုပ်ရှားမှုသည် မျက်နှာသစ်ခြင်း၊ ခါးထောက်ခြင်းတို့
ပြုလုပ်နိုင်ရန်အတွက် အရေးကြီး လေသည်။
လေ့ကျင့်ခန်း (၆)
လူနာသည် နာသောလက်ကို ကိုယ်ပေါ်၌ရှိစေပြီး
စောင်းလျက်အနေအထားဖြင့် အိပ်နေရမည်။ ထိုနောက် တံတောင်ဆစ်အား
တ၀က်ခန့်ချိုးပြီးအနောက်ဘက်သို့ ဆွဲယူရမည်။ ဤလှုပ်ရှားမှုမှာ များသောအားဖြင့်
လွယ်ကူတတ်သည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ပခုံးရှေ့မှ တင်းနေသော
ကြွက်သားများတဖြည်းဖြည်း ပျော့ပျောင်း လာစေမည်။
လေ့ကျင့်ခန်း (၇)
မတ်တတ်ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေရှိပြီး
လက်မောင်းကို အရှေ့ဘက်သို့ တည့်တည့်မြှောက်တင်ရမည်။ ပထမဦးစွာ နာသောလက်အား
မိမိမြှောက်တင်ယင်း တစ်နေရာသို့ ရောက်သောအခါ ဆက်လက်မမြှောက်နိုင်က
ကောင်းသောလက်၏ အကူအညီဖြင့် ဆက်လက်မြှောက်ပေးရမည်။ မနာခင်အထိသာ မြှောက်ရမည်။
လက်မောင်းကို မြှောက်နေစဉ်အတွင်းပခုံးသည် အပေါ်သို့တက်ကြွ မသွားစေရန်
သတိပြုရမည်ဖြစ်သည်။ ပခုံးနှစ်ဘက်သည် တတန်းတည်းရှိနေစေရမည်။ ပခုံးကို
ကြွတက်ခွင့်မပေးဘဲ လက်မောင်းအားမ တင်ပေးပါ။ မိမိမြှောက်အတင်နိုင်ဆုံး
နေရာသို့ ရောက်လျင် ခဏနားပြီး လက်ကိုအောက်သို့ တဖြည်းဖြည်းထိန်း၍ပြန်ချ
ပေးပါ။
လေ့ကျင့်ခန်း (၈)
နာသောဘက်မှလက်ကို ဆန့်လျက်ဖြစ်စေ၊
တံတောင်ဆစ်ကွေးလျက် ဖြစ်စေ မိမိသက်သာသလို ဘေး၌ချထားပြီး အနောက်ဘက်သို့
လက်ကို တဖြည်းဖြည်း ဆွဲပေးရမည်။ ထိုသို့ပြုလုပ်နေစဉ် ခန္ဓာကိုယ်ကို
မတ်မတ်ထားပါ။ ခါးမကုန်းရ။ ထိုနောက် မူလအနေအထားအတိုင်း အရှေ့ဘက်သို့
ပြန်လာပြီးခဏ နားပါ။
လေ့ကျင့်ခန်း (၉)
ပုံတွင်ပြထားသည့်အတိုင်း လက်နှစ်ဖက်ကို
ဘေးသို့ချထားပြီး နာသောလက် အား လက်ဖ၀ါးမှောက်ထားလျက် ဘေးဘက်သို့
တဖြည်းဖြည်းမြှောက်ပါ။ တံတောင် ဆစ်အား ဆန့်ထားပြီး မမြှောက်နိုင်က
တံတောင်ဆစ်အား ကွေးထားလျက် လက်မောင်းကို ဘေးဘက်သို့ မြှောက်ရမည်။
ငှက်အတောင်ဖြန့်သကဲ့သို့ဖြစ်သည်။ ထိုသို့မြှောက်နေစဉ် နာသောဘက်မှ ပခုံးအား
အပေါ်သို့ မတက်စေရ။ ကောင်းသော ဘက်မှ ပခုံးနှင့် တတန်းတည်းရှိနေစေရမည်။
ပခုံးအား အပေါ်သို့ တက်ခွင့်မပေးပဲ လက်အားမြှောက်တင်နိုင်အောင်
ကြိုးစားရမည်။ သို့မှသာ စစ်မှန်သော လက်မောင်း မြှောက်ခြင်းရှိမည် ဖြစ်သည်။
မြှောက်တင်သော လက်မောင်းနှင့် ပခုံးတို့ တတန်းတည်း ဖြစ်သောအခါ (၉၀ ဒီဂရီ
ရောက်သောအခါ) ခဏထိန်းထားပြီး အောက်သို့ တဖြည်းဖြည်း ပြန်ချပေးပါ။
ဤလှုပ်ရှားမှုအား စလုပ်စတွင် ၁၅ ဒီဂရီမှ ၃၀ ဒီဂရီထက် ပို၍ မလုပ်နိုင်ကြပေ။
နောက်မှ တဖြည်းဖြည်းချင်း တိုးလုပ်ပေးရမည်ဖြစ်သည်။
လေ့ကျင့်ခန်း (၁၀)
ပုံတွင်ပြထားသည့်အတိုင်း နာသောလက်မှ တံတောင်ဆစ်အား
၉၀ ဒီဂရီ ကွေး ထားရမည်။ လက်ဖ၀ါးနှင့် လက်ချောင်းများအား ပက်လက်လှန်ထားပါ။
ထိုနောက် တံတောင်ဆစ်အား ကိုယ်တွင် (ခါးတွင်) အသေကပ်ထား ထောက်ထားပြီးလျင်
လက်သန်းဘက် (အတွင်းဘက်) သို့လည်းကောင်း၊ လက်မဘက် (အပြင်ဘက်) သို့
လည်းကောင်း တဖြည်းဖြည်းလှည့်ပေးပါ။ ထိုသို့ပြုလုပ်နေစဉ် ၉၀ ဒီဂရီ
ကွေးထားသော တံတောင်ဆစ်အား မူလအတိုင်းရှိနေစေရမည်။ ပိုကွေးသွားခြင်း (သို့)
ဆန့်သွားခြင်း မဖြစ်စေရ။
လေ့ကျင့်ခန်း (၁၁)
ဘေးသို့ချထားပါ။ ထိုနောက် နာသောဘက်မှ လက်အား
ဘေးဘက်သို့ အနည်းငယ် ၃၀ဒီဂရီ ခန့် မြှောက်တင်ပြီး စက်ဝိုင်းသဏ္ဌာန်
ဝှေ့ယမ်းပေးပါ။ ပထမတွင် လက်မောင်းသည် စက်ဝိုင်းသေးသေးအတိုင်း
ဝှေ့ယမ်းပေးရမည် ဖြစ်ပြီး နောက် တဖြည်းဖြည်း စက်ဝိုင်းကို
မိမိတတ်နိုင်သရွေ့ ကြီးပေး ကျယ်ပေးရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့်
အမှတ်မထင် ပြန်နာသွားတတ်ရာ သတိထားလျက် တဖြည်းဖြည်းချင်း အစပြုသင့်လေသည်။
အခြားလေ့ကျင့်ခန်းများ ပြုလုပ်ပြီး အခြေအနေ တိုးတက်ကောင်းမွန်လာပြီးမှ ဤ
လေ့ကျင့်ခန်းကို အစပြုလျင် ပို၍ကောင်းပါသည်။
လေ့ကျင့်ခန်း (၁၂)
ပုံတွင်ပြထားသည့်အတိုင်း ခါးကို အနည်းငယ်
၄၅ဒီဂရီမှ ၆၀ဒီဂရီအထိ ကုန်းလျက် ကောင်းသောလက်ကို ခုံတစ်ခုပေါ်သို့
ထောက်ထားရမည်။ ထိုအခါ နာသောလက်သည် ခန္ဓာကိုယ်၏ အောက်ကို
နာရီချိန်သီးကဲ့သို့ တွဲလောင်းကျနေ လျက်ရှိမည်။ ဤအနေအထားဖြင့် နာသောလက်အား
……
(က) အရှေ့နောက်လှုပ်ရှားခြင်း
(ခ) အတွင်းအပြင်လှုပ်ရှားခြင်း နှင့်
(ဂ) ၀ိုက်၍လှုပ်ရှားခြင်းများ ပြုလုပ်ပေးရမည်။
လေ့ကျင့်ခန်း (၁၃)
လူနာသည် မတ်တတ်အနေအထားဖြင့်ရှိနေရမည်။ ထိုနောက်ပုံတွင်
ပြထားသည့်အတိုင်း နံရံတစ်ခုအား လက်ချောင်းများဖြင့် ထောက်လက်
(လက်ညှိုးနှင့် လက်ခလယ် လမ်းလျှောက်သည့် ပုံသဏ္ဌာန်) အရှေ့တည့်တည့်အပေါ်သို့
တက်သွားပေးရမည်။ ထိုနောက် နံရံကို နာသောလက်ဘက်၌ထား၍ လက်ကိုဘေးသို့ ကားကာ
အပေါ်သို့ တက်ပေးရမည်။ အများအားဖြင့် ဘေးသို့ကားခြင်းသည် အရှေ့သို့
မြှောက်ခြင်းထက် ဒီဂရီအရနည်းတတ်လေသည်။ နံရံတွင် ဖြစ်နိုင်လျင် မိမိလက်ရောက်
ရှိရာနေရာကို အမှတ်အသား ပြုထားခြင်းဖြင့် တစ်နေ့ထက်တစ်နေ့ မိမိ၏
တိုးတက်မှုကို မြင်တွေ့နိုင်လေသည်။ ဤသို့ဖြင့် လက်မောင်းအရှေ့ဘက်သို့
မြှောက်ခြင်းနှင့် လက်မောင်းဘေးသို့ မြှောက်ခြင်းများ
တိုးတက်လာနိုင်မည်ဖြစ်သည်။
လေ့ကျင့်ခန်း (၁၄)
မတ်တတ်ရပ်လျက် (သို့) ထိုင်လျက်အနေအထားဖြင့် နာသောဘက်မှ တံတောင်ဆစ်ကို ဆန့်ထားပြီး စက်သီးဆွဲ လေ့ကျင့်ခြင်း ပြုလုပ်ပေးနိုင်သည်။ (ပုံ)
ဆောင်ရန်၊ ရှောင်ရန်များ
(က) ရေနွေးအိတ်ကို အနည်းဆုံး တနေ့
သုံးကြိမ်နှင့် အထက် ကပ်ပေးရမည်။ အေးသောအချိန်၊ ညအိပ်ခါနီး အချိန် နှင့်
ညတရေးနိုးအချိန် (ညဥ့် ၂ နာရီ ၃ နာရီ) တို့တွင် ကပ်ပေးနိုင်က
ပိုကောင်းပါသည်။
(ခ) ရေနွေးမကပ်မီ ပရုပ်ဆီ၊
တေဇောဘမ်း၊ လီနမင် စသည့် ပူသောဆေးများ လိမ်းမထားရပါ။ လိမ်းလိုပါက
ရေနွေးကပ်ပြီးမှ လိမ်းပါ။ ဆေးအပူ၊ ရေနွေးအပူ နှစ်မျိုးတွေ့၍
အသားလောင်တတ်သောကြောင့်ဖြစ်ပါသည်။
(ဂ) လက်မောင်းလှုပ်ရှားမှုများအား
အချိန်မှန်မှန်နေ့စဉ် လုပ်ပေးရမည်။ လေ့ကျင့်ခန်းတစ်မျိုးလျင် ၇ကြိမ်မှ ၁၀
ကြိမ် အထိ လုပ်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းကို တစ်နေ့လျင် ၃ကြိမ်
ခန့် ပြုလုပ်ပေးပါ။ တနေ့ထက်တနေ့ လက်မောင်းလှုပ်ရှားမှုကို တိုး၍ လုပ်ပေးရမည်။
လေ့ကျင့်လှုပ်ရှားမှု အကြိမ်များများ တိုးခြင်းထက် လက်လှုပ်ရှားမှု အခြေအနေ
(Range of Motion) ကို ပို၍ တိုးအောင်လုပ်ပေးရမည်။
(ဃ) နာသည့်ဘက်သို့ ဖိမအိပ်ရ။
(စ) နာသည့်နေရာ ပတ်ဝန်းကျင်ကို မနှိပ်ရ။
(ဇ) နာသည့်လက်ဖြင့် အလေးအပင် မ မ ရ။
အပ်ချုပ်ခြင်း၊ စာရေးခြင်းကဲ့သို့သော ပေါ့ပါးသော အလုပ်များကို ပင်
ကြာကြာမလုပ်ရ။ ငရုတ်သီးထောင်းခြင်း၊ တူထုခြင်းကဲ့သို့ အားစိုက်လုပ်ရသော
အလုပ်များ မလုပ်ရ။
(စ်) စုတ္မထိုးရ (Burmese Acupuncture)
No comments:
Post a Comment