Jul 15, 2012

မျက်နှာတစ်ခြမ်းသေခြင်း (Facial Palsy)

လေဖြတ်ခြင်းဟု လူသိများသော အကြောရောဂါတစ်မျိုးဖြစ်သည်။ လူကြီး လူငယ် ကျား မ မရွေး ဖြစ်တတ်သည်။ ဖြစ်ပြီဆိုလျင် လူနာများ များစွာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြီးခြင်း ဖြစ်လေ့ရှိပါသည်။ လေဖြတ်ခြင်း (Stroke) နှင့် ဆက်နွယ်ပြီး ဖြစ်တတ် သလို လေဖြတ်ခြင်းမဖြစ်ဘဲ မျက်နှာဆိုင်ရာ အာရုံကြောလေး (Facial Nerve) ယောင် ယမ်းလာခြင်း၊ သွားနုတ်ခြင်း၊ နားရွက်အနီး၌ ခွဲစိတ်ခြင်း၊ ခေါင်း၌ ဒဏ်ရာရခြင်းတို့ ကြောင့်လည်း ဖြစ်တတ်ပါသည်။ အများအားဖြင့် ခေါင်းပိုင်း (သို့မဟုတ်) မျက်နှာတခြမ်းကို အအေးမိခြင်း အအေးခံလွန်ကဲခြင်းအားဖြင့် မျက်နှာဆိုင်ရာ အာရုံကြောလေးများ ယောင်ယမ်းလာပြီး မျက်နှာတစ်ခြမ်းသေတတ်ပါသည်။ ဤသို့ သော အခြေအနေတွင် အနှိပ်သည်ဖြင့် နှိပ်နယ်ခြင်း၊ သံပုရာသီးငုံခြင်း၊ လှိမ့်ခြင်းများ ပြုလုပ်ပါက ရောဂါအခြေအနေ ပိုမိုဆိုးသွားနိုင်ပါသည်။ အချို့လူနာများသည် တစ်သက်လုံး အရုပ်ဆိုးပါပြီဟု ၀မ်းနည်းစွာတွေးတောကြလျက် ဆေးကုသမှု ခံယူရန် ဆေးရုံသို့ ရောက်မလာတတ်ကြပဲ  အိမ်တွင်းပုန်းကာ ငိုခြင်း လူမြင်မခံလိုခြင်း၊ နီးရာ အရပ်အနှိပ်သည်များဖြင့် ကြိတ်၍ကုသခြင်းများ ပြုလုပ်လေ့ရှိကြသည်။
မျက်နှာကြွက်သားနှင့် အာရုံကြောများတည်ရှိနေပုံ
        ပုံတွင်ပြထားသည့်အတိုင်း မျက်နှာကြွက်သားများသည်အများအားဖြင့် မျက်နှာ တစ်ခြမ်းစီကို တာဝန်ယူလှုပ်ရှားမှု ပြုကြကြောင်း သဘောပေါက်နိုင်ပေသည်။ မျက်နှာ တစ်ခြမ်းစီရှိ ကြွက်သားများအား နားရွက်၏အနောက်ဘက်မှ ထွက်လာသော မျက်နှာ ဆိုင်ရာ အာရုံကြောလေး (Facial Nerve) နှစ်ချောင်းက ဗယ်ညာခွဲ၍တာဝန်ယူ ထိန်းချုပ်ထားသည် ဖြစ်၏။
မျက်နှာ အမူအရာများ
        ပြုံးခြင်း၊ ရယ်ခြင်း၊ နှုတ်ခမ်းစူခြင်း၊ မျက်မှောင်ကျုံ့ခြင်း စသည့် မျက်နှာ အမူအရာများသည် အထက်တွင်ဖေါ်ပြထားသည့် မျက်နှာကြွက်သားများ၏ လှုပ်ရှားမှု အရ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မျက်နှာအမူအရာများ (သို့) ကြွက်သားလှုပ်ရှားမှုများ ကို ကုသမှုရှုထောင့်မှ အောက်ပါအတိုင်းရေတွက်ပြဆိုနိုင်ပါသည်။
၁။ နှုတ်ခမ်းစူခြင်း (သို့) လေချွန်ခြင်း
၂။ ပါးရွဲ့ခြင်း (နှစ်ဘက်စလုံးဖြစ်က ပြုံးခြင်း၊ ရယ်ခြင်း)
၃။ ပါးဖောင်းခြင်း (ရေငုံထားသည့် အနေအထားမျိုး)
၎။ နှုတ်ခမ်းထော်ခြင်း
၅။ အထက်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းတို့ တင်းတင်းဖိခြင်း
၆။ နှာခေါင်းရှုံ့ခြင်း
၇။ မျက်မှောင်ကျုံ့ခြင်း
၈။ မျက်လုံးမှိတ်ခြင်း
၉။ မျက်ခုံး မ, ခြင်း (သို့) နဖူးကြောရှုံ့ခြင်း
၁၀။ အံကြိတ်ခြင်း



မျက်နှာတစ်ခြမ်းသေခြင်းဟူသည်
        မျက်နှာဆိုင်ရာအာရုံကြောလေးသည် အကြောင်းတစ်ခုခုကြောင့် အဖိခံရခြင်း၊ ထိခိုက်ခြင်း၊ ယောင်ယမ်းခြင်းဖြစ်လာပါက ဦးနှောက်မှ ပေးပို့သော သတင်းများအား ကြွက်သားများဆီသို့ ပေးပို့ခြင်းမပြုနိုင်တော့ပေ။ ထို့အတူ ကြွက်သားများထံမှ ပေးပို့ သော သတင်းများသည်လည်း ဦးနှောက်သို့ မရောက်နိုင်တော့ပေ။ ဦးနှောက်နှင့် ကြွက်သားများကြားတွင် ၀ါယာကြိုးပမာဆက်သွယ်ထားသော မျက်နှာဆိုင်ရာ အာရုံကြောလေးတခုခုဖြစ်တိုင်း မျက်စိတစ်ဖက် မှိတ်မရခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ မျက်ခုံးပင့်မရခြင်း၊ ပါးဖောင်းမရခြင်းများ ဖြစ်တတ်လေသည်။ အကြောင်းမူကား ယင်းအမူအရာများ၊ လှုပ်ရှားမှုများကို ပြုလုပ်ပေးသော ကြွက်သားလေးများအနေဖြင့် မျက်နှာဆိုင်ရာအာရုံကြောလေးမှတဆင့် ဖြတ်သန်းသယ်ယူလာသော ဦးနှောက်၏ ထိန်းချုပ်စေခိုင်းမှုများ မရရှိသောကြောင့် ခေတ္တသေသွားခြင်း၊ လှုပ်ရှားမရခြင်း ဖြစ်သည်။ ကြွက်သား၏ ချွတ်ယွင်းမှုကြောင့် မဟုတ်ပဲ ကြွက်သားကို ထိန်းချုပ်ထား သော အာရုံကြောလေး၏ ချွတ်ယွင်းမှုကြောင့် ဖြစ်ရခြင်းဖြစ်လေသည်။ ဤအချိန်တွင် မျက်နှာကြွက်သားလေးများသည် တောင့်နိုင်တင်းနိုင်သော အရည်အချင်း (Ability to Contract)  မရှိကြတော့ပဲ ပျော့ရွဲရွဲဖြစ်လာကြသည်။ ထိုအခါ ကောင်းသောဘက်မှ ကြွက်သားလေးများ၏ တစ်ဘက်သတ်ဆွဲအားကြောင့် ရောဂါဖြစ်သောဘက်မှ ကြွက်သားများသည် ရွဲ့စောင်းပါသွားခြင်း ဖြစ်ရလေသည်။ ယင်းကို မျက်နှာတစ်ခြမ်း သေခြင်းဟု ခေါ်ပါသည်။
မျက်နှာတစ်ခြမ်းသေခြင်း၏ အကြောင်းအရင်းများ
        အနောက်တိုင်းဆေးကျမ်းစာအုပ်များတွင် မျက်နှာတစ်ခြမ်းသေရခြင်း၏ အကြောင်းအရင်းအား တိတိကျကျမသိရဟု လည်းကောင်း၊ ကျူးမား (Tumour) ခေါ် အသားပိုထွက်ခြင်း၊ (Abscess) ခေါ် အနာဖြစ်ခြင်း၊ (Cyst) ခေါ် အရည်အိတ် (လမ်းကြောင်း) လေး ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဟုလည်းကောင်း အမျိုးမျိုးပြဆိုထား ပေသည်။ မည်သို့ဆိုစေ ဤနေရာတွင်ဖေါ်ပြမည့်အကြောင်းအရင်းများမှာ အကြောအဆစ် ဆေးကုဌာန၏ တွေ့ရှိချက်၊ ယူဆချက် များဖြင့် ကုသပျောက်ကင်း ခဲ့သော နည်းနာနိသျှများ ဖြစ်ပါသည်။
        ၁။ လေဖြတ်ခြင်း (Stroke) ဖြစ်၍လည်းကောင်း
        ၂။ သွားနုတ်ခြင်းကြောင့် လည်းကောင်း
        ၃။ နားနှင့်ပတ်သက်သော ခွဲစိတ်ကုသမှုတခုခုပြုလုပ်ခြင်းကြောင့် လည်းကောင်း
        ၄။ မည်သို့သော ထိခိုက်ဒဏ်ရာရမှု၊ ခွဲစိတ်မှုမရှိဘဲ အလိုအလျှောက်ဖြစ်လာခြင်း
        ၅။ နားရွက်နောက်နားတွင် ရေယုန်နာ ပေါက်ခြင်းကြောင့် ထိုနေရာမှထွက် လာသော မျက်နှာဆိုင်ရာ အာရုံကြောလေးများယောင်ယမ်းခြင်းကြောင့်လည်းကောင်း ဖြစ်ရသည်ဟု ယူဆရပါသည်။

ရောဂါလက္ခဏာများ
ဇက်ကြောထိုးခြင်း
နားနာခြင်း၊ နားကိုက်ခြင်း
မျက်နှာတစ်ခြမ်းကျင်ခြင်း၊ ယားခြင်း၊ ထုံခြင်း
မျက်စိမှိတ်မရခြင်း
မျက်ခုံးပင့်မရခြင်း
ပါးရွဲ့ခြင်း
လေချွန်မရခြင်း၊ နှုတ်ခမ်းစူ မရခြင်း
ရေသောက်လျှင် ပါးစောငမှ ရေထွက်ကျခြင်း
အစာစားလျှင် သွားဖုံးနှင့် ပါးစောင်ကြား၌ အစာများခံနေ ၀င်နေတတ်ခြင်း
        ဤလက္ခဏာအားလုံးကို လူတိုင်း၌ တွေ့ရမည်မဟုတ်သော်လည်း ယင်းဖေါ်ပြပါ လက္ခဏာများထဲမှ အများစုကို တွေ့ရှိရမည် ဖြစ်သည်။


ကုသနည်းများ
(က) အနားယူခြင်း။      ။ ရောဂါဖြစ်စ ပထမ တပတ်နှစ်ပတ်အတွင်း ကိုယ်ရောစိတ်ပါ အနားယူရန် လိုအပ်ပေသည်။ မျက်နှာကြွက်သားများ အနေဖြင့် ပျော့ခြင်း၊ ရုန်းအား မရှိဘဲဖြစ်နေရာ မနှိပ်မိဖို့ အရေးကြီးပါသည်။ အချို့က သံပုရာသီးဖြင့် ဖိလျက်လှိမ့် တတ်ကြရာ မျက်နှာကြွက်သားများ နာသွားခြင်း၊ ယောင်ယမ်းခြင်းဖြစ်နိုင်ပါသည်။ သံပုရာသီးငုံခြင်းဖြင့်အားမရှိသော ကြွက်သားများအား မတန်တဆ ဆွဲဖြဲထားရာ ရောက်သဖြင့် နောင်တွင်ကြွက်သားတို့၏ ရုန်းနိုင်တင်းနိုင်သော အရည်အချင်း (Ability to Contract)  များ မြန်မြန်ပြန်ကောင်းလာစေရန် များစွားအဟန့်အတား ဖြစ်စေ ပါသည်။ အချို့က ပရုပ်ဆီကဲ့သို့သော လိမ်းဆေးတစ်မျိုးမျိုးကို လွန်ကဲစွာလူးလိမ်း တတ်ကြရာ နူးညံ့သော မျက်နှာအရေပြားအား အပူလောင်စေတတ်ပါသည်။
        သို့ဖြစ်ရာ စဖြစ်စချိန်၌ ဆေးလူးခြင်း၊ နှိပ်နယ်ခြင်း၊ သံပုရာသီးလှိမ့်ခြင်း၊ ငုံခြင်း မပြုလုပ်မိကြစေရန် အထူးသတိပြုသင့်ပါသည်။
        အချို့လူနာများ (အထူးသဖြင့် အမျိုးသမီးများ) သည် မျက်နှာတခြမ်းသေသဖြင့် ၀မ်းနည်းလျက်တစ်နေ့လုံး တစ်ညလုံး ငိုကြွေးနေတတ်ကြလေသည်။ ငိုကြွေးခြင်းဖြင့် ရောဂါသက်သာ ပျောက်ကင်းမည်မဟုတ်ပေ။ မျက်နှာကြွက်သားများ ကြိမ်ဖန်များစွာ တစ်ဘက်သတ် အလုပ်လုပ်ရခြင်း၊ အာရုံကြောများ အနှောင့်အယှက်ဖြစ်ရခြင်း တို့ကြောင့် ရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ရောဂါမှ နာလန်ထခြင်း (Recovery) နှောင့်နှေးကြန့်ကြာစေပါသည်။ သို့ဖြစ်ရာ ကိုယ်ရောစိတ်ပါ အေးဆေးစွာအနားယူရန် အလွန်ရေးကြီးပါသည်။ စိတ်ညစ်စရာများ၊ ၀မ်းနည်းစရာများ မတွေးရန် သတိထားသင့် ပါသည်။
(ခ)    အပူပေးခြင်း။      ။ ဤရောဂါဖြစ်ပြီး ပထမရက်မှစ၍ ပျောက်ကင်းသည်အထိ ဖြစ်သောဘက်မှ မျက်နှာတစ်ခြမ်းအား ရေနွေးအိတ်ဖြင့် ဖြစ်စေ၊ ရေနွေးပုလင်းဖြစ်စေ၊ ဆားကျပ်ထုပ်ဖြစ်စေ တစ်မျိုးမျိုးကပ်ပေးရပါမည်။ ဖြစ်သောဘက်မှ နားရွက်၏ အရှေ့ပိုင်းမျက်နှာတစ်ခြမ်းကိုလည်းကောင်း၊ နားရွက်၏ အနောက်ပိုင်းနှင့် အောက်ပိုင်း ကိုလည်းကောင်း နေ့စဉ် သုံးကြိမ်ထက်မနည်းရေနွေး ကပ်ပေးသင့်လေသည်။
        ထိုသို့ရေနွေးကပ်ရာတွင် အပူမလွန်ကဲစေရန်နှင့် ရေနွေးပူမလောင်ရန် အထူး သတိပြုရပါမည်။ နောက်တစ်ချက်မှာ ပွင့်နေသော မျက်လုံးအား အပူတိုက်ရိုက်မပေး မိစေရန် ဂရုပြုရပါမည်။
        မျက်လုံးနေရာကို ရှောင်၍ အပူပေးပါ။ သို့မဟုတ်လျှင် လက်ကိုင်ပုဝါဖြစ်စေ၊ အခြားအ၀တ်စတစ်ခုခုကို ဖြစ်စေ သန့်ရှင်းစွာလျှော်ဖွတ်မီးပူတိုက်ပြီး မျက်စိကို အုပ်ပေး ထားရပါမည်။
(ဂ) မျက်လုံးကို ကာကွယ်ခြင်း။       ။ မျက်နှာတစ်ခြမ်းသေသောလူနာများအဖို့ ရောဂါကို တစ်ဖက်မှ ဆေးဝါးများ၊ အပူပေးခြင်းနည်းများဖြင့် ကုသမှုခံယူနေကြစဉ် ဖြစ်သောဘက်မှ မျက်စိကိုတစ်စုံတစ်ရာ ထိခိုက်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း မဖြစ်စေရန် သတိပြုရပါမည်။ အကြောင်းမှာ မျက်လုံးကို အုပ်ထားသော (၀ါ) ပွတ်သပ် သန့်စင်ပေးသော မျက်ခွံများမလှုပ်ရှားနိုင် ဖြစ်နေ၍ ဖြစ်သည်။ ထိုအခါ မျက်လုံးသည် အကာအကွယ်မဲ့ဖြစ်လျက် ဖုန်မှုန့်များ၊ သဲမှုန့်များ၊ ၀င်ရောက်ခြင်း၊ ရောဂါပိုးများ ၀င်ရောက်ကပ်ငြိခြင်း၊ ပြင်ပ ပစ္စည်းတစ်ခုခုနှင့် ထိခိုက်မိခြင်းများ ဖြစ်တတ်လေသည်။ သို့ဖြစ်ရာ မျက်လုံးအားသန့်စင်သော အ၀တ်ဖြင့် အုပ်ထားပေးခြင်း၊ မျက်မှန်တပ်ထား ခြင်း၊ မကြာခဏ ရေသန့်သန့်ဖြင့် မျက်နှာသန့်စင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ အခြားသော နည်းတစ်နည်းမှာ သန့်ရှင်းစွာဆေးကြောထားသော လက်ဖြင့် အပေါ်အောက် မျက်ခွံအား ကိုင်လျက် မျက်လုံးအားပိတ်လိုက် ဖွင့်လိုက်လုပ်ပေးခြင်း ဖြစ်သည်။ ထိုသို့ကိုင်တွယ်နေစဉ် လက်ချောင်းများသည် မျက်လုံးကို လုံးဝမထိစေရဘဲ မျက်ခွံများ (အသားများ) ကို ထိတွေ့ရမည်ဖြစ်သည်။ ဤအပြုအမူမှာ မော်တော်ကား ရှေ့မှန်နှင့် တူသောမျက်လုံးအားမှန်သုတ်လက်တံ (Wiper) နှင့်တူသော မျက်ခွံအတွင်း သား များဖြင့် ပွတ်သပ် သန့်စင်စေသည့် သဘောပင်ဖြစ်သည်။
(ဃ) မျက်နှာပွတ်သပ်ပေးခြင်း။       ။ မျက်နှာတစ်ခြမ်းသေခြင်းဖြစ်ပွား၍ ဒုတိယ (သို့) တတိယမြောက်သော နေ့မှစ၍ မျက်နှာကို လက်ဖ၀ါးဖြင့် ပွတ်သပ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ပွတ်သပ်ပေးရုံသာ ပြုလုပ်ရမည်ဖြစ်ပြီး နှိပ်နယ်ခြင်းမပြုလုပ်မိစေရန် ဂရုပြုရပါမည်။
ပွတ်သပ်နည်း။     ။ ဖြစ်သောဘက်မှ မျက်နှာတစ်ခြမ်းအား မျက်နှာ၏အလယ်ဗဟို မှစ၍ နားရွက်ဆီသို့ လက်ဖ၀ါးဖြင့် အလောတော်ဖိလျက် ပွတ်သပ်ပေးပါ။ ကောင်းသော ဘက်မှ မျက်နှာတစ်ခြမ်းအား ပွတ်သပ်ပေးရန်မလိုချေ။ ဥပမာ - အောက် ပိုင်းမှ (မေးစေ့) စ၍ ပွတ်သပ်သည်ဆိုပါက၊ လက်ဖ၀ါးသည် မေးစေ့မှ တဖြည်းဖြည်းဖိ ၍ ပွတ်သပ်လျက် ပါးချောင်ရိုးကို ကျော်ဖြစ်ပြီး ဖြစ်သောဘက်မှ နားရွက်ဆီသို့ ရောက်သွား စေရမည်။ ထိုနောက်လက်ဖ၀ါးကို ကြွလျက်ပြန်ယူလာပြီးပါးစပ် တစ်ခြမ်းနေရာမှပါးကို ဖြတ်ကျော်ပွတ်သပ်လျက် နားရွက်ဆီသို့ပြန်သွား ရပါမည်။ ထိုနောက်လက်ကို ပြန်ကြွယူလာပြီး နှာခေါင်းနေရာမှ မျက်လုံး၊ နားသယ်တို့ကို ဖြတ်ကျော် ပွတ်သပ်လျက် နားရွက်ဆီသို့ အရောက်သွားရပါမည်။ ထိုနောက် လက်ကို ပြန်ကြွယူလာပြီး နှာခေါင်းအပေါ်ပိုင်းနှင့် နဖူးနေရာမှစ၍ မျက်ခုံးကို ဖြတ်ကျော်ပွတ်သပ် လျက် နားရွက်ဆီ၌ အဆုံးသတ်ရပါမည်။ ဤသို့ဖြင့် အောက်မှ စ၍ မျက်နှာပေါ်ဆုံးသို့ ရောက်သောအခါ ပွတ်သပ်ခြင်းတစ်ကြိမ်ပြီးလေသည်။ နောက်တစ်ကြိမ်ကို ယခင်နည်း အတိုင်း မေး၊ ပါးစပ်၊ နှာခေါင်း၊ နဖူး စသည့်နေရာတို့မှ စတင်ပွတ်သပ်လျက် နားရွက်၌ အဆုံးသတ်ရမည်ဖြစ်သည်။ တစ်နေ့လျင် တစ်နာရီခြား (သို့) နှစ်နာရီခြား တကြိမ် ပွတ်သပ်ပေးနိုင်ပါသည်။ [ကျွန်တော်ကတော့ မျက်နှာကို မပွတ်သပ်ခင်မှာ ပါးကို ပေါင်ဒါနည်းနည်းလိမ်းပေးလိုက်တယ်။ ပေါင်ဒါလေးနဲ့ လျှောပြီးတော့ လက်နဲ့ပွတ်တဲ့ အခါ နာတာသက်သာမှာပေါ့ဗျာ   :)P]
(င) ပါးစောင်ကို ချိတ်ဆွဲခြင်း (Application of Hook Type of Splint)။      ။ ပုံတွင် ပြထားသည့်အတိုင်းဖြစ်သောဘက်မှ ပါးစောင်အား ၀ါယာကြိုးအမာစားဖြင့် ချိတ်ယူ ပြီး ကျန်သောဝါယာ၏ တစ်ဖက်စွန်းအား နားရွက်၌ ချိတ်ဆွဲထားပေးပါ။ဤသို့ဖြင့် ပါးရွဲ့နေ သောအနေအထားသည် အတန်ငယ်တည့်မတ်လာမည်ဖြစ်ပြီးမျက်နှာကြွက်သားများ၏ တစ်ဖက်သတ်ဆွဲခြင်းကြောင့် အကျိုးဆက်ဖြစ်ပေါ်လာတတ်သော ကြွက်သားတိုသွား ခြင်း၊ ရုန်းသွားခြင်း (Contracture) အန္တရာယ်မှ ကာကွယ်ရာ ရောက်ပေမည်။ ထို့ပြင် ဖြစ်သောဘက်မှ ကြွက်သားများ လွန်ကဲစွာ ဆန့်ထွက်ပေးရခြင်း (Stretching)  အနေအထားမှလည်း သက်သာမှု ရလာမည်ဖြစ်သည်။

မျက်နှာကြွက်သားဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုများ
(Exercise for Facial Expression Muscles)
        မျက်နှာကြွက်သားဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုများအကြောင်းရေးသားခြင်းမပြုမီ ဤလှုပ်ရှားမှုများ (လေ့ကျင့်ခန်းများ) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာရှင်း လင်းတင်ပြလိုပါသည်။ မျက်နှာကြွက်သားဆိုင်ရာလေ့ကျင့်ခန်းများကို နားလည်အ လွယ်ဆုံးပြောရလျင် မျက်နှာအမူအရာလေ့ကျင့်ခန်းဟု ခေါ်နိုင်သည်။ မျက်နှာကြွက်သားများသည် ခန္ဓာကိုယ်ရှိအခြားသော ကြွက်သားများနှင့် နှိုင်းစာလျင် သေးငယ်လှသည်နှင့် အမျှ လူ၏စိတ်ပိုင်းခံစားမှုများကို ဖော်ပြရာတွင် လွန်စွာရေးပါ ကြသည် ဖြစ်၏။ သို့ဖြစ်ရာ မျက်နှာကြွက်သားများ၏ အခန်းကဏ္ဍမှာ လှုပ်ရှားမှုသာမဟုတ်ဘဲ စိတ်နေစိတ်ထားထင်ဟပ်မှု (၀ါ) ခံစားချက်ဖော်ထုတ်မှု (Expression) လည်းပြုလုပ်၍ရကြောင်း သဘောပေါက်အပ်ပါသည်။
        သို့ဖြစ်ရာ မျက်နှာတစ်ခြမ်းသေသူများအဖို့ မျက်နှာဆိုင်ရာကြွက်သားများ
        (က) ရုန်းသွား၊ တိုသွားခြင်း (Contraction) မဖြစ်စေရန်
        (ခ) ထိခိုက်နာကျင်မှု (Trauma) မဖြစ်စေရန်
        (ဂ) လွန်ကဲစွာဆန့်ထွက်သွားခြင်း (Over Stretching) မဖြစ်စေရန်
        (ဃ) မူလအတိုင်း အမူအရာများ ပြုလာနိုင်စေရန်နှင့်
        (င) လူနာ၏ ဥပဓိရုပ် (Personality) ကို မထိခိုက်စေရန် အမူအရာ လေ့ကျင့်ခန်းများ ပြုလုပ်ရမည်ဖြစ်သည်။ မျက်နှာကြွက်သားများသည် အလွန်သေးငယ် သည်နှင့်အမျှ လုပ်ဆောင်မှုတာဝန် (အမူအရာပိုင်း) သိမ်မွေ့ခက်ခဲမှုရှိရာ အာရုံစူးစိုက် လျက် လှုပ်ရှားမှုတိုင်း (လေ့ကျင့်ခန်းတိုင်း) အား စိတ်နှင့် တစ်ထပ်တည်းကျလျက် လုပ်ကိုင်ဆောင်ရွက်သင့်သည်။
မှတ်ချက်။  ။ မျက်လုံးမှိတ်သော လေ့ကျင့်ခန်း (လေ့ကျင့်ခန်း ၁၀) မှတပါး ကျန်သော လေ့ကျင့်ခန်းများအား မှန်ကို ကြည့်လျက် ပြုလုပ်ရပေမည်။ မျက်နှာတစ်ခြမ်းသေခြင်း ဖြစ်ပြီး တစ်ပတ် (၇) ရက်ကျော်မှ စတင်လေ့ကျင့်ပေးရမည်။
လေ့ကျင့်ခန်း (၁)
        မိမိမျက်နှာကို မည်သို့မျှ ပြုပြင်မှု မလုပ်သေးဘဲ ဖြစ်ပျက်နေသည့်အတိုင်း မှန်၌ကြည့်ပါ။ ထို့နောက် မိမိ၏ အထက်အောက်နှုတ်ခမ်းများကိုသာ ကွက်၍ အာရုံစူးစိုက်ကြည့်ပေးရမည်။ မှန်ကို လက်ဖြင့် ကိုင်ထားမည့်အစား နံရံတွင် ချိတ်၍ လည်းကောင်း၊ ထောင်၍လည်းကောင်း ထားက ပို၍ ကောင်းသည်။ သို့မှသာ မျက်နှာ အမူအရာ လှုပ်ရှားမှုများအတွက် လိုအပ်သော အကူအညီကို ရယူနိုင်မည်ဖြစ်သည်။
        မိမိ၏ မျက်စိနှင့် စိတ်အာရုံသည် မှန်ထဲရှိ နှုတ်ခမ်းများဆီသို့ စူးစိုက်နိုင်သောအခါ လူနာသည် နှုတ်ခမ်းများအား ကျုံ့လျက်ရှေ့သို့ စူထွက်အောင် ပြုလုပ်ပေးရမည်။ နှုတ်ခမ်းစူသော အမူအရာကို စိတ်ဖြင့် ခိုင်းစေပြုလုပ်ကြည့်ခြင်းပင် ဖြစ်သည်။ ထိုအခါ အပေါ်နှုတ်ခမ်း၏ အလယ်ဗဟိုရှိ နှုတ်သီးချွန်ကလေးသည် နှာသီးထိပ်နှင့် အထက်အောက် တစ်တန်းတည်း ရှိမနေဘဲ တစ်ဖက်သို့ ရွဲ့စောင်းလျက် ရှိကြောင်း တွေ့ရပေမည်။ ထို့အတူ အောက်နှုတ်ခမ်းသားသည်လည်း ညီညီညာညာစူ ထွက်မလာဘဲ အပေါ်နှုတ်ခမ်းနှင့်အတူ တဘက်သို့ လိုက်ပါရွဲ့စောင်းနေမည်။ ဤသို့ ဖြစ်ရခြင်းမှာ မျက်နှာတစ်ခြမ်းသေသောဘက်မှ ကြွက်သားများ၏ ရုန်းနိုင်ဆွဲနိုင်သော အရည်အချင်း (Ability to Contract)  အားနည်း၍သော်လည်းကောင်း လုံးဝအား မရှိ ဖြစ်နေ၍သော်လည်းကောင်း ဖြစ်ပြီး ကောင်းသောဘက်မှ ကြွက်သားများ၏ တဘက်သတ် ဆွဲသွားမှုကြောင့် ရွဲ့ရခြင်းဖြစ်သည်။ ထို့အပြင် အပေါ် အောက်နှုတ်ခမ်း အချင်းချင်း ဖိကပ်ထားနိုင်ခြင်းမရှိ၍ ကောင်းသောဘက်မှ နှုတ်ခမ်းများကဲ့သို့ စုစုရုန်းရုန်း မနေဘဲ လျော့ကျပွင့်ဟနေသည်ကို တွေ့ရပေမည်။ ဤသို့ ရွဲ့စောင်းနေခြင်း ပွင့်ဟနေခြင်း စသည့် ချွတ်ယွင်းချက်များအား မှန်၌သေချာစွာ ကြည့်လျက် လူနာသည် လက်ချောင်းလေးများ ၏ အကူအညီဖြင့် ပြုပြင်ထိန်းကျောင်းပေးရမည်။ ထိုသို့ ပြုလုပ်ရန် လူနာသည် များစွာ စိတ်ရှည်ရမည်ဖြစ်သည်။ အချိန်ယူရမည် လည်းဖြစ်ပါသည်။
        လူနာသည် မှန်ထဲ၌ ဖြစ်ပေါ်လာသော နှုတ်ခမ်းစူခြင်းကို လက်ချောင်းလေးများ၏ အကူအညီဖြင့် ပြုပြင်ထိန်းထားခြင်းပြုလုပ်မပြီးမချင်း ပြန်မဖျက်လိုက်ရပေ။ သို့မှသာ ချွတ်ယွင်းချက်က သည်သည့် အရာများဖြစ်သည်၊ ပြုပြင်မှုက မည်သို့မည်ပုံလုပ်ပေးရမည်ကို သဘောပေါက်ပြီး လက်တွေ့လုပ်နိုင်မည်ဖြစ် သည်။ မှန်ထဲ၌တွေ့ရသောရွဲ့စောင်းပွင့်ဟနေသော နှုတ်ခမ်းအား လက်ညှိုးလက်မ နှစ်ချောင်း၏ အကူအညီ ဖြင့်တည့်မတ်အောင် (နှာသီးဗဟိုနှင့် အပေါ်နှုတ်ခမ်းဗဟိုတို့ မျဉ်းဖြောင့်အတိုင်း အထက်အောက် တည့်မတ်နေစေရန် ) ရွဲ့သောဘက်မှ တွန်းပေးခြင်းဖြင့် လည်းကောင်း ပွင့်ဟနေသော နှုတ်ခမ်းအား ကျန်လက်တစ်ဘက်မှ လက်ညှိုးလက်မ နှစ်ချောင်းဖြင့် ပိတ်ပေး စေ့ပေးခြင့်ဖြင့် လည်းကောင်းပြုပြင်ထိန်းထား လျက် နှုတ်ခမ်းကို ဆက်လက်စူထားရမည်ဖြစ်သည်။ ဤသို့ လက်ချောင်းလေးများဖြင့် ကူညီထိန်းထားရာတွင် အကူအညီကို လိုသလောက်သာ ပေးရမည်ဖြစ်ပြီး ကျန်သော အပိုင်းကို လူနာသည် မိမိစိတ်ဖြင့် အားစိုက်လျက် (တွေးယူလျက်) ကြိုးစားလုပ်ကိုင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ပြင်ပအကူအညီကို ချည်းအားမကိုးပဲ မိမိကလည်း အင်အားစိုက်ထုတ် လုပ်ကိုင်နိုင်ရန်ဖြစ်သည်။ ဤသို့ တစ်ကြိမ်ပြုလုပ်ပြီး တိုင်း  ၁၀ စက္ကန့် အနားယူရမည်။ ထိုနောက်တစ်ကြိမ်ထပ်လုပ်ပေးပါ။ စုစုပေါင်း ခုနစ် ကြိမ်မှ ဆယ်ကြိမ်ထိ လုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)
        လေ့ကျင့်ခန်း (၁) အတိုင်းမှန်ထဲ၌ မိမိ၏နှုတ်ခမ်းများကို ကြည့်ပေးပါ။ ထိုနောက် သွားစေ့ပါ။ (အထက်သွားနှင့် အောက်သွားများ ကြိတ်ဟန်ပြုလုပ်ပေးပါ) ထိုအခါ ပါးစောင်တစ်ဘက်သည် ရွဲ့စောင်းသွားပေမည်။ ရွဲ့စောင်းသွားသောဘက်သည် ကောင်းသောဘက်ဖြစ်ပြီး မရွဲ့နိုင်သော ဘက်သည် မျက်နှာတစ်ခြမ်းသေသောဘက် ဖြစ်သည်။ ပြုံးသော ရယ်သောအခါ အလွန်သိသာစွာ ရွဲ့စောင်းသွားကြောင်း တွေ့ရှိရသည်။ ထိုနှုတ်ခမ်းများအား ပကတိ အရှိအတိုင်းထားလျက် မဆွဲနိုင်သောဘက်မှ ပါးစောင် (Angle of Mouth) အား လက်ညှိုးထိတ်ဖြင့် ထောက်လျက် တဖြည်းဖြည်းနားရွက်ဆီသို့ ဆွဲပေးပါ။ ထိုသို့ဆွဲရာတွင် လူနာ၏စိတ် သည် တစ်ခြားသို့ ရောက်မနေစေပဲ ပါးစောင်နေရာ၌ကပ်ထားလျက် မိမိဘာသာ ပါးကို ရွဲ့နေသည်ဟု တွေးထင် (ညှို့လျက်) လုပ်ဆောင်ပေးရမည်။ သို့မှသာ ဦးနှောက်မှလာသော အတွေးများ ခိုင်းစေချက်များသည် မိမိလှုပ်ရှားလိုသော ကြွက်သားဆီသို့ ရောက်နိုင်မည်ဖြစ်ပြီး ပြန်ကောင်းလာစေရန်အထောက်အပံ့ ပေးနိုင် မည်ဖြစ်သည်။
        ဤသို့ဖြင့် (၇) ကြိမ်မှ (၁၀) ကြိမ်အထိ ဆွဲပေးနိုင်ပါသည်။
လေ့ကျင့်ခန်း (၃)
        မှန်ထဲ၌ နှုတ်ခမ်းနှင့် ပါးနှစ်ဖက်ကို ကြည့်ပြီးလျင် ပါးဖောင်းလာစေရန်ပြုလုပ်ပါ။ ပြုလုပ်နည်းမှာ နှုတ်ခမ်းနှစ်ခုကို ပိတ်ထားပြီး လျင်လေမှုတ်ပါ။ ထိုအခါ လေသည် ပိတ်ထားသော နှုတ်ခမ်းပေါက်မှ မထွက်နိုင်သဖြင့် ပါးနှစ်ဖက်အား တွန်းတိုက်လျက် ဖောင်းလာစေမည်ဖြစ်သည်။ သို့သော် မျက်နှာတစ်ခြမ်းသေသောလူနာများအဖို့ ဖြစ်သောဘက်မှ နှုတ်ခမ်းနှစ်ခုအား ဖိကပ်ခြင်းစေ့ထားခြင်း မပြုလုပ်နိုင်သဖြင့် လေထွက်ပြီးပါးကို ကြာကြာဖောင်းမထားနိုင်ပဲရှိလေသည်။ သို့ဖြစ်ရာ လူနာသည် ပါးဖောင်းအောင်ပြုလုပ်နေရင်း တစ်ဖက်မှ လက်ချောင်းလေးများ၏ အကူအညီဖြင့် လေပေါက်အား ပိတ်ပေးခြင်းဖြင့် ပါးကို ကြာရှည်ဖောင်ထားနိုင်မည်ဖြစ်သည်။
        လေထွက်သော နှုတ်ခမ်းပေါက်အား လက်ဖြင့်ပိတ်ထားပေး၍ ပါးဖောင်းနိုင်သော်ည်း လူနာသည် နှုတ်ခမ်းနှစ်ခုအား မိမိဘာသာ စိတ်ဖြင့် ဖိကပ်ထားပေးရမည်။ သို့မှသာ  စစ်မှန်သော ကြွက်သားအားကို နှိုးဆွဖြစ်ပေါ်စေမည် ဖြစ်သည်။ ပါးဖောင်းထားစဉ် နှုတ်ခမ်းတို့သည် တစ်ဘက်သို့ ရွဲ့စောင်းနေတတ်ရာ မှန်၌ ကြည့်လျက် အခြားလက်တစ်ဘက်၏ အကူအညီဖြင့် တည့်မတ်ထိန်းထားပေးပါ။ လူကောင်းနှင့်တူအောင် ပြုလုပ်ယူပါ။ ဤသို့ဖြင့် (၇) ကြိမ်မှ (၁၀) ကြိမ်အထိ ပါးဖောင်းပေးပါ။
လေ့ကျင့်ခန်း (၄)
        မှန်ထဲ၌ နှုတ်ခမ်းအားကြည့်လျက် နှုတ်ခမ်းထော်ခြင်း ပြုလုပ်ပေးပါ။ မိမိကိုယ်တိုင် မလုပ်တတ်က (သို့မဟုတ်) သဘောမပေါက်က လုပ်တတ်သူတစ်ဦးအား လုပ်ခိုင်းပြီး အတုခိုးလုပ်ပါ။ စိတ်ရှည်ရှည်နှင့် လေ့ကျင့်က မကြာခင်လုပ်တတ်လာမည် ဖြစ်သည်။ အပေါ်နှုတ်ခမ်းကို အပေါ်သို့ လန်စေပြီး အောက်နှုတ်ခမ်းကို အောက်သို့ လန်အောင် တပြိုင်တည်းပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင် အထက်ပါနည်းများအတိုင်း ၀ဲယာနှုတ်ခမ်းများ ညီညီညာညာရှိစေရန်လည်းကောင်း၊ နှာသီးနှင့် နှုတ်ခမ်းဗဟိုအမှတ်တို့ အထက်အောက်တည့်မတ်စွာ ရှိနေစေရန်လည်းကောင်း လက်ချောင်းလေးများ၏ အကူအညီဖြင့် ပြုပြင်ထိန်းပေး ရမည်။ ၇ကြိမ် မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၅)
        မှန်ထဲ၌ နှုတ်ခမ်းအားကြည့်လျက် အထက်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းတို့အား တစ်ခုနှင့် တစ်ခု တင်းတင်းဖိအောင် စိတ်ဖြင့်ခိုင်းပေးပါ။ လက်ဖြင့် ညှစ်ပေးခြင်း ဖိပေးခြင်းမပြုလုပ်ရ။ အနီးစပ်ဆုံးဥပမာကို ပေးရလျင် အမျိုးသမီးများ နှုတ်ခမ်းဆိုးဆေး ဆိုးပြီးသောအခါ နှုတ်ခမ်းနှစ်ခုကို ဖိပြီးဆေးညှိသည့်သဘောအတိုင်းဖြစ်ပါသည်။ ပထမ စလုပ်စတွင် အခက်အခဲရှိမည် ဖြစ်သော်လည်း လေ့ကျင့်ဖန်များသောအခါ မသိမသာမှ သိသိသာသာ လုပ်တတ်လာမည်ဖြစ်သည်။
        အခြားသော နည်းတစ်နည်းမှာ ဖြစ်သောဘက်မှ အထက်အောက်နှုတ်ခမ်းနှစ်ခု ကြားတွင် စက္ကူသေးသေးတစ်ရွက်ကို ညှပ်ထားလျက် ဆွဲနှုတ်ကြည့်ခြင်းဖြစ်သည်။ စက္ကူကို လက်ဖြင့် တဖြေးဖြေးဆွဲနှုတ်နေစဉ် လူနာသည် စက္ကူထွက်ပါမသွားစေရန် နှုတ်ခမ်းနှစ်ဖက်အား အတင်းဖိထား ကပ်ထားရမည်။ ဤနည်းဖြင့် ဤလေ့ကျင့်ခန်းကို လုပ်နိုင်လေသည်။ ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၆)
        မှန်ထဲ၌ နှာခေါင်းနေရာကို ကြည့်ပြီး နှာခေါင်းရှုံ့လျက် အသံမည်သည်အထိ အသက်ကို ပြင်းပြင်းရှူသွင်းပေးပါ။ ထိုအခါ နှာခေါင်းတစ်ဘက်၌ အစင်းကြောင်းလေး ဖြစ်ပေါ်လာပြီး အခြားတစ်ဖက်၌ မဖြစ်ပေါ်ပေ။ အစင်းကြောင်းလေးဖြစ်သော ဘက်သည် ကောင်းသောဘက်ဖြစ်ပြီး မဖြစ်သောဘက်သည် ရောဂါဖြစ်သောဘက်ဖြစ် သည်။ သို့ဖြစ်ရာ နှာခေါင်းရှုံ့လိုက်တိုင်းကောင်းသောဘက်၌ ဖြစ်ပေါ်လာသော အစင်းကြောင်းမျိုး ရောဂါဖြစ်သောဘက်၌လည်း အလားတူဖြစ်ပေါ်လာစေရန် လေ့ကျင့်ပေးရမည်။ လူနာအဖို့ လေ့ကျင့်စတွင် စိတ်ဖြင့်စေခိုင်းပြုလုပ်ရန် ခက်ခဲနေဦးမည် ဖြစ်ရာ လက်ညှိုးထိတ်၏အကူအညီဖြင့် ပြုလုပ်ပေးနိုင်လေသည်။ မျက်နှာတစ်ခြမ်းသေသောဘက်မှ နှာခေါင်းပေါက်၏ ဘေးတွင် လက်ညှိုးထိပ်ကို ထောက်လျက် (နှာခေါင်းရှုံ့ထားစဉ်) အပေါ်သို့ ပင့်တင်ပေးက အထက်ပါ ဖော်ပြသည့် အစင်းကြောင်းပေါ်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ နှာခေါင်းရှုံ့ထားစဉ် ကောင်းသောဘက်၌ ဖြစ်ပေါ်နေသော အစင်းကြောင်းမျိုးရောဂါဖြစ်သောဘက်၌ ဖြစ်ပေါ်လာစေရန် လက်ချောင်း၏အကူအညီဖြင့် အတုဖန်တီး ပြုလုပ်ပေးခြင်းဖြစ်လေ သည်။ သဏ္ဌာန်လုပ်၍ သရုပ်တူစေခြင်းဖြစ်သည်။ ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၇)
        မှန်ထဲ၌ မျက်ခုံးနှစ်ခုကိုကြည့်လျက် မျက်ခုံးမခြင်း (သို့) နဖူးကြောရှုံ့ခြင်းပြုလုပ် ပေးပါ။ ထိုအခါကောင်းသောဘက်မှ မျက်ခုံးသည် အပေါ်သို့တက်သွားမည်။ မျက်ခုံး၏ အပေါ်ပိုင်းတွင် နဖူးအစင်းကြောင်းလေးများ တပြိုင်တည်းပေါ်လာမည်။ သို့သော် ရောဂါဖြစ်သောဘက်မှ မျက်ခုံးသည်ကား အပေါ်သို့တက်ဖို့ နေနေသာသာ လှုပ်ရုံပင် လှုပ်မည်မဟုတ်ပေ။ နဖူးအစင်းကြောင်းများပေါ်လာသဖြင့် နဖူးသား ပြေဆန့်နေမည်။ ယင်းချွတ်ယွင်းချက် (စိတ်ဖြင့်မလုပ်နိုင်မှု) နှစ်ခုအား လက်ညှိုး၏အကူအညီဖြင့် လုပ်ယူပေးရမည်။ ပြုလုပ်နည်းမှာ မျက်ခုံးအတက်အကျမညီညာဖြစ်နေသော မျက်နှာ အား မှန်ထဲ၌သေချာစွာကြည့်လျက် လက်ညှိုးထိပ်ဖြင့် ကျနေသော (၀ါ) ပင့်မတက်သော မျက်ခုံးအလယ်ကို ထောက်၍ အပေါ်သို့ တွန်းတင်ပေးပါ။ ထိုအခါ မျက်ခုံး ၂ ခုလုံးပေါ်သို့ တက်နေမည်ဖြစ်ပြီး နဖူးစင်းကြောင်းများလည်း နှစ်ဘက်လုံး ၌ပေါ်လာပေမည်။ ထိုသို့ဖြစ်ပေါ်နေစဉ် လူနာ၏စိတ်သည် ဖြစ်သောဘက်မှ မျက်ခုံးအား မိမိဘာသာပင့်ထားသည်ဟု သဘောထားလျက် စိတ်အား ကိုယ်အား စိုက်ထုတ်ထားရ မည်။ မိမိဘာသာ လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ စိတ်အား၊ ကိုယ်အား စိုက်ထုတ်ခြင်းဖြင့် ဦးနှောက်နှင့် မျက်နှာကြွက်သားများအကြား ဆက်သွယ်မှု ချောမွတ် လာနိုင်ပါသည်။ ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၈)
        မှန်ထဲ၌ မျက်ခုံးနှစ်ဘက်အတွင်းပိုင်း (နှာခေါင်းရင်းနေရာ) ကို ကြည့်လျက် မျက်မှောင်ကျုံ့ပါ။ အချို့သော လူနာများသည်      ဤအမူအရာ လေ့ကျင့်ခန်းကို မလုပ်တတ်ကြောင်း တွေ့ရှိသည်။ လုပ်တတ်သူတစ်ဦးက စိတ်ရှည်ရှည်လုပ်ပြသည်ကို ကြည့်ရှုမှတ်သားလျက် ကြိုးစား၍လိုက်လုပ်ကြည့်ပါက ရနိုင်လေသည်။ မျက်မှောင်ကျုံ့ ပါဟုပြောလျင် မလုပ်တတ်သူအား အနံ့တစ်ခုခုရ၍ စူးစမ်းသော သဘောဖြင့် နှာခေါင်း ရှုံ့ကြည့်ပါ (သို့မဟုတ်) မှန်ထဲ၌ တွေ့ရသော မိမိမျက်နှာကို အထူးအဆန်းသဖွယ် စူးစမ်းကြည့်ပါ ဟုပြောလျင် မျက်မှောင်ကျုံ့တတ်ကြောင်း မျက်မှောင်ကျုံ့သောအခါ လူကောင်းများတွင် မျက်ခုံးအတွင်းပိုင်းစုရုန်းနီးကပ်သွားကြပြီး မျက်ခုံးနှစ်ခုကြား၌ ဒေါင်လိုက်အစင်းကြောင်း လေးများဖြစ်ပေါ်လာလေသည်။ မျက်နှာတစ်ခြမ်းသေသော လူနာများအဖို့ကား ကောင်းသောမျက်နှာတစ်ခြမ်း၌သာ ကြွက်သားလှုပ်ရှားခြင်း (အစင်းကြောင်းဖြစ်ပေါ်ခြင်း) ဖြစ်ပြီးရောဂါဖြစ်သောဘက်၌ လှုပ်ရှားမှုမဖြစ်ကြောင်း (အစင်းကြောင်းမပေါ်ကြောင်း) တွေ့ရလေသည်။ သို့ဖြစ်ရာ လူနာသည် မှန်ကိုကြည့် လျက် ရောဂါဖြစ်သောဘက်မှ မျက်ခုံးအတွင်းပိုင်းအား လက်ညှိုးထိပ်ဖြင့်ထောက်လျက် ကောင်းသောဘက်မှ မျက်လုံးဆီသို့ တွန်းပို့ပေးရမည်။ ထိုအခါ ဒေါင်လိုက် နဖူးစင်းများကို နှစ်လက်လုံးအညီအမျှ ပေါ်လာကြောင်းတွေ့ရမည်ဖြစ်ပြီး ခေတ္တ သေနေသော မျက်မှောင်ကျုံ့ ကြွက်သားများအား အသိပေးနှိုးဆွရာ ရောက်ပေမည် ဤသို့ဖြင့် မျက်မှောင်ကျုံ့လိုက် မကျုံ့လိုက် (နားလိုက်) လုပ်ပေးပါ။ ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၉)
        မှန်ထဲ၌ ပါးနှစ်ဖက်ကိုကြည့်လျက် အံကြိတ်ရန်ကြိုးစားပေးပါ။ ကောင်းသော ဘက်၌ ပါးစောင်ကြွက်သားတင်းလာမည်။ လုံးဖုလာသည်ကို တွေ့ရမည် ဖြစ်သော် လည်း ဖြစ်သောဘက်၌ကား ကြွက်သားလှုပ်ရှားမှု အားနည်းကြောင်း (သို့) ခိုင်းမရကြောင်းတွေ့ရမည်။ ကောင်းသောဘက်မှ ပါးစောင်ကြွက်သား၏ လှုပ်ရှားမှုကို မှန်၌သေချာစွာကြည့်ပြီး ရောဂါဖြစ်သောဘက်၌လည်း ထိုသို့သော လှုပ်ရှားမှုဖြစ်အောင် ကြိုးစားပေးပါက တဖြည်းဖြည်းရလာမည်ဖြစ်သည်။ ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၁၀)
        ဤလေ့ကျင့်ခန်းအတွက် မှန်ကြည့်ရန် မလိုပေ။ လေ့ကျင့်ခန်းပြုလုပ်စတွင် လူကောင်းတစ်ယောက်နှင့်တွဲဖက်လေ့ကျင့်က ပိုမိုကောင်းမွန်ပါသည်။ ဥပမာ လူနာသည် ညာဘက်မျက်နှာတစ်ခြမ်းသေသည်ဆိုပါလျင်
        လူနာသည် မျက်စိမှိတ်တိုင်း ဗယ်ဘက်မျက်စိသာ မှိတ်ပြီး ညာဘက်မျက်စိ မပိတ်ဘဲပွင့်ဟနေမည်။ မျက်စိမှိတ်သော လေ့ကျင့်ခန်းမစတင်မီ လူနာအား တစ်ဦး တစ်ယောက်က မျက်စိစုံ မှိတ်ပြရမည်။ မှိတ်ပြသူက သဘောလောက်မှိတ်ပြရုံမျှ မှိတ်ပြခြင်းမပြုရ၊ မျက်စိကို မျက်ခွံကြောများတွန့်ရှုံ့သွားသည်အထိ မှိတ်ပြရပါမည်။ ယင်းကို လူနာက စိတ်ထဲ၌စွဲမှတ်ထားရမည်။ ထိုနောက် မိမိ၏ ညာဘက်မျက်လုံးအား (ကောင်းသောသူ၏ မျက်လုံးများကဲ့သို့) မျက်ခွံကြောများ တွန့်ရှုံ့လာသည်အထိ အားစိုက်မှိတ်ပေးပါ။ မျက်စိမှိတ်ထားစဉ် လူနာသည် ညာဘက်မျက်စိကိုသာ စိတ်ထဲ၌တွေးနေရမည်။ ဗယ်ဘက်မျက်စိကို လုံးဝမတွေးရ။ မေ့ထားရမည်။ ပို၍ကောင်းသော လေ့ကျင့်နည်းတစ်နည်းမှာ မှိတ်ထားသော ညာဘက်မျက်စိ၏ ဘေးဘက် (နားသယ်)နေရာ၌ လက်ချောင်းလေးများဖြင့် ခတ်ဆတ်ဆတ် ခေါက်ပေးခြင်းဖြင့် လည်းကောင်း၊ စိတ်အား၊ကိုယ်အားစိုက်ထုတ်ပြီး အစွမ်းကုန်မှိတ် ပေးပါ။ ပါးစပ်မှလည်း ညာဘက်မျက်စိ၊ ညာဘက်မျက်စိဟူ၍ ရေရွတ်ပေးပါ။ ပို၍မျက်စိ မှိတ်နိုင်ကြောင်းတွေ့ရမည်။ ဤသို့ဖြင့် လေ့ကျင့်ခန်းတစ်ကြိမ်ပြီးလေသည်။ မျက်လုံးမှိတ်ခြင်းလေ့ကျင့်ခန်းမှာ စိတ်အား၊ ကိုယ်အားစိုက်ရာတွင်အလွန်ပင်ပန်းသဖြင့် တစ်ခါလုပ်လျင် သုံးလေးကြိမ်ခန့်သာ ပြုလုပ်သင့်ပါသည်။
        မျက်စိကို အစွမ်းကုန်အားစိုက်မှိတ်နေစဉ် လူနာသည် သူ၏မျက်စိ မှိတ်၊ မမှိတ် ကို မသိနိုင်သည်ဖြစ်ရာ ဘေးမှလူက မျက်လုံးမပိတ်သေးလျင် “ မှိတ်၊ မှိတ်၊ ညာဘက်မျက်စိကို အားနဲ့မှိတ်ပေး၊ မှိတ်တော့မယ်၊ မှိတ်တော့မယ်၊ ပိတ်တော့မယ်၊ ဆက်မှိတ်ပေး၊ ညာဘက်ကို၊ ညာဘက်ကို” စသည်ဖြင့် အမိန့်ပေးသလို ပြောပေးရမည်။ သို့မှသာ လူနာသည် ဘေးမှ ပြောပေးသူ၏ အသံလှုံ့ဆော်မှု (Vocal Stimulus) ကြောင့်လည်းကောင်း၊ ညာဘက် ညာဘက်ဟု သတိပေးမှုကြောင့် လည်းကောင်း သူ၏မျက်လုံးအပေါ် ပို၍အာရုံစိုက်လေ့ကျင့်လာနိုင်မည် ဖြစ်သည်။ထိုသို့ပြုလုပ်ပေး၍ မျက်စိမမှိတ်သေးလျင် မျက်လုံးကို မှိတ်စေရန် ကြိုးစားနေရင်း လက်ချောင်း၏ အကူအညီဖြင့် ပေါ်မျက်ခွံကို ထိပေးရမည်။ လူနာသည် ထိထားသော မျက်ခွံနှစ်ခုအား ပြန်၍ကွာဟမသွားစေရန် (တနည်း) မျက်လုံးပြန်မပွင့်သွားစေရန် ဆက်လက်ကြိုးစား မှိတ်ပေးရမည်။ လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ စိတ်အာရုံစူးစိုက်၍ လုပ်ပေးခြင်း ကြိုးစားခြင်းဖြင့် အကျိုးရှိကြောင်းသိထားရမည်။

ဆောင်ရန် ရှောင်ရန်များ
        မျက်နှာတစ်ခြမ်းသေခြင်း (Facial Palsy) ဖြစ်က အချိန်နှောင့်နှေးခြင်းမဖြစ်စေ ဘဲ နီးစပ်ရာဆရာဝန်၊ ဆေးခန်းတို့၌ ပြသရန် အလွန်အရေးကြီးပါသည်။ အကြောင်းမူကား ရောဂါဖြစ်ပြီး သုံးပတ် (သို့မဟုတ်) လေးပတ်ကျော်သွားပါက အကောင်းအတိုင်း ပြန်ဖြစ်အောင်ကုသပေးရန် မလွယ်ကူသောကြောင့်ဖြစ်ပါသည်။
        သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသပြီး ဆေးထိုးဆေးစားခြင်းပြုလုပ်နေစဉ် အကြောအဆစ်ဆေးကုဌာနသို့ လာရောက်ပြသလျက်ကုသမှု ခံယူနိုင်ပါသည်။ အကြောအဆစ်ဆေးကုဌာနမရှိသော မြို့ရွာဖြစ်ပါက ဤစာစောင်ပါ နည်းလမ်းများ အတိုင်း တိတိကျကျ လိုက်နာကုသခြင်းဖြင့် သက်သာကောင်းမွန်လာနိုင်ပါသည်။ အကယ်၍ အပူပေးခြင်း အနားယူခြင်း၊ မျက်နှာလေ့ကျင့်ခန်းများပြုလုပ် သော်လည်း နှစ်ပတ် သုံးပတ်အတွင်းတိုးတက်မှုမရှိက အကြောအဆစ်ဆေးကုဌာနသို့ သွားရောက် ပြသတိုင်ပင်ရန် လိုအပ်ပါသည်။ အကြောင်းမူကား အချို့သောလူနာများသည် ဖော်ပြပါ ကုသမှုလောက်ဖြင့် မလုံလောက်ပဲ လျှပ်စစ်ဓာတ်ဖြင့် ကြွက်သားလှုပ်ရှားပေးခြင်း (Electrical Stimulation) ကုသမှု ခံယူရမည်ဖြစ်သည်။ လူနာအများစု (၅၀% ကျော်ကျော်) မှာ လျှပ်စစ်ဓာတ်ဖြင့် ကြွက်သားလှုပ်ရှားပေးခြင်း ကုသမှုမပါဘဲ သက်သာပျောက်ကင်းကြသည် ဖြစ်သည်။
        သံပုရာသီးငုံခြင်း၊ လှိမ့်ခြင်း၊ နှိပ်နယ်ခြင်းမပြုရ။
       ရေနွေးအိတ်ကို အနည်းဆုံး တစ်နေ့သုံးကြိမ်ကပ်ပေးရမည်။
       ခေါင်းပိုင်းနှင့် မျက်နှာကို အအေးမခံရ။ နွေးနွေးထွေးထွေးထားပါ။
       စိတ်ညစ်ခြင်း၊ ၀မ်းနည်းခြင်းမရှိအောင် ကြိုးစားရမည်။
       စိတ်အား၊ ကိုယ်အား စိုက်ထုတ်ရသော အလုပ်များမှ လုံးဝ အနားယူရမည်။

သူငယ်ချင်းများအားလုံး အနာရောဂါကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေဗျာ…


No comments:

Post a Comment