Jul 29, 2012

အ၀ီစိမင်းသား

အ၀ီစိ မင်းသား
လူကြီးများနှင့်တည့်အောင်ပေါင်းသင်း
ချစ်သူငယ်ချင်း ငယ်ရောင်းရင်းသည်
အကြောင်းကြောင်းကြောင့်
အရက်ဆိုင်ခေတ္တမသွား
ကာရာအိုကေအနား ယာယီမသီ။
ပဌာန်းများကို တညီတညာရွတ်
လူကြားကောင်းအောင် သူဟန်ဆောင်သည်
ရာထူးတိုးမည်ထင်သောကြောင့်
ပြည်ပရွေးမည်ထင်သောကြောင့်။
အကြောင်းကြောင်း ကြောင့်
အထက်လူကြီး အပြီးလဲသောအခါ
ထောက်ထားမညှာ ထွက်လာအဖြေ
သူ့မပါလေတော့ ရွာရိုးကိုးပေါက်
လမ်းတကါလျှောက်၍ ပုလင်းခါးထိုး
အမျိုးမျိုးဆဲဆို ငိုလဲငိုသည်
အိုကွဲ့ယောက်ျား မင်းခစားရေ
မနေ့ကမှ ပဌာန်းရွတ်
သည်နေ့ကျတော့ ပုဆိုးကျွတ်
ရွတ်တာကလဲ အယုတ္တ အနတ္တ
မင်းဘ၀ ကြည့်ရ ငါရင်လေးသဗျ။
တနေ့ကျ ဖြေရမဲ့ဘာသာ
သည်တခါ ပိုခက်မှာဗျာ
လာဘ်ထိုးလဲမရ ပံ့ပိုးလဲမရမို့
အတုအယောင်မဖြစ်အောင် ဝေးဝေးရှောင်
လူ့ဘောင်ကောင်းအောင် ကြိုးစားမောင်ရေ…..
သည်တိုင်းသာသွား
ငရဲလားမှာ ကြိမ်းသေသဟ
ရှစ်ထပ်မှာအောက်ဆုံး
အပူဆုံးနေရာ ရောက်တော့မယ်
တကယ်ခင်လို့ ပြောတာကွာ
မင်းဘ၀မင်းစာနာ ဒါမှသက်သာမှာ
အခုအခါတော့……..မင်းငါ့ကို မုန်းခြင်မုန်း
ပြုံးပြုံးဘဲသူငယ်ချင်း မင်းငြင်းရင်
မင်းလမ်းမင်းသွား ငါ့လမ်းငါလှမ်းတော့မယ်
ပန်းတိုင်တော့မပျောက်စေနဲ့………။

No comments:

Post a Comment