Jul 23, 2012

ခါးနာခြင်း (Back Pain and Low Back Pain)

အလေးအပင် တခုခု မ လိုက်ရာမှ ဖြစ်စေ၊ အမြင့်မှ လိမ့်ကျ၍ဖြစ်စေ၊ အထိုင်ကြာသဖြင့် ဖြစ်စေ၊ ခါးကုန်းပြီး အလုပ်လုပ်မိ၍ ဖြစ်စေ အနည်းနှင့် အများ လူတိုင်း ခါးနာဖူးကြသည် ဖြစ်၏။ ဘာမဟုတ်သော ကိစ္စလေးကြောင့် ခါးနာတတ်သလို အရိုးဆစ်ဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများ၊ ရောဂါ များကြောင့်လည်း ခါးနာတတ်ပေသေးသည်။ ထိုပြင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုခု (ဥပမာ- ကျောက်ကပ်ရောဂါ) ချွတ်ယွင်းသဖြင့်လည်း ခါးနာတတ်ပါသည်။ များသောအားဖြင့် လွယ်လွယ်ဖြစ် လွယ်လွယ်ပျောက် သွားလေ့ရှိသဖြင့် ခါးနာခြင်းအား ပေါ့ပေါ့ဆဆ သဘောထားလေ့ရှိသည်။ ဂရုမပြုပဲ နေလေ့ရှိသည်။ စိုးရိမ်ရကောင်းမှန်းမသိကြပေ။
သို့ရာတွင် ခါးနာခြင်း တစ်ကယ်ဖြစ်လာပြီဆိုက ဝေဒနာရှင်အား များစွာဒုက္ခပေးနိုင်ကြောင်း သတိချပ်သင့်ပါသည်။ ခါးနာရောဂါကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်ပြီး စိတ်ဆင်းရဲကြီးစွာ အိပ်ရာပေါ်၌လှဲအိပ်နေရသူပေါင်း မနည်းလှပေ။ ခါးနာခြင်းအား ကြိမ်ဖန်များစွာ ဖြစ်စေခြင်း၊ ကာလ ကြာရှည်စွာဖြစ်စေခြင်းဖြင့် မူလက မပြောပလောက်သော ခါးနာခြင်းသည် တစ်သက်လုံးစိတ်ဆင်းရဲ ရသည်အထိ ဖြစ်သွားနိုင်ကြောင်းသတိပြုရပါမည်။ ယာယီခါးနာခြင်းမှ ထာဝရခါးနာခြင်းသို့ ရောက်မသွားစေရန် ကာကွယ်ခြင်းနှင့် ကုသခြင်းများ ပြုလုပ်ပေးနိုင်သည်ဖြစ်၏။
ခါးနာခြင်းသည် အသက်အရွယ်မရွေး ကျားမ မရွေး ကာယ ဥာဏ လုပ်ငန်းခွင်နှစ်မျိုးစလုံး၌ ဖြစ်နိုင်သော ဝေဒနာတစ်ခုဖြစ်သည်။ စားပွဲ၌ ကြာရှည်ထိုင်၍ အလုပ်လုပ်ကြရသော ဥာဏလုပ်သား များနှင့် အလေးအပင်ထမ်းပိုးရသော ကာယလုပ်သားများ၌ ပို၍ အဖြစ်များကြောင်းတွေ့ရှိရပေသည်။ ထို့ပြင် ကြမ်းတိုက်ခြင်း၊ အ၀တ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်း၊ အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်သဖြင့်လည်း အိမ်ရှင်မအချို့ မကြာခဏ ခါးနာလေ့ရှိသည်။ ခါးနာသည်ဟု ပြောရသော်လည်း ကျော၏ အောက်ပိုင်း တစ်ဘက်တချက်မှ နာခြင်း၊ ခါးနှင့် တင်ပါးအစပ်တ၀ိုက်မှ နာခြင်းတို့သည်လည်း ခါးနာခြင်းဝေဒနာ၌ အကျုံးဝင်လေသည်။
ခါးသည် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းတို့၏ အလယ်ဗဟိုဖြစ်သည့် အားလျော်စွာ လူ၏လှုပ်ရှား လုပ်ကိုင်မှု အပိုင်းတွင် အသုံးများသော ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်လေသည်။ အသုံးများသော အစိတ်အပိုင်းတို့၏ သဘာဝအတိုင်း ထိခိုက်မိလွယ်ခြင်းနှင့် ပျက်စီးချွတ်ယွင်းခြင်းများ လည်း မကြာခဏ ဖြစ်တတ်သည် ဖြစ်၏။ ခါးနာခြင်းဖြစ်လာပြီဆိုပါကလည်း အသုံးများသော ခန္ဓာကိုယ်အစိတ်အပိုင်း တခုအား အနားပေးရန်၊ အသုံးနည်းအောင်ထားရန်နှင့် ထိခိုက်မှုထပ်မဖြစ်ရန် တို့မှာ မလွယ်ကူပေ။ လူတစ်ကိုယ်လုံးအား အနားပေးထားရမလိုပင် ဖြစ်နေပါသည်။ လက်ကျိုး၍ ကျောက်ပတ်တီးစည်းရသော လူနာနှင့် နှိုင်းစာပါက ခါးနာသူသည် မသန်စွမ်းသူတဦးပမာ အနေအထိုင် အသွားအလာ အပြုအမူတိုင်း ဂရုစိုက်ဆင်ခြင်ရသည်။
ခါး၏လှုပ်ရှားမှုများ
(က) ရှေ့သို့ကုန်းခြင်း(Flexion)
(ခ) နောက်သို့ ကော့ခြင်း(Extension)
(ဂ) ဘေးတဘက်တချက်သို့ စောင်းခြင်း(Side-Flexion)
(ဃ) ခါးကိုဗယ်ညာ လှည့်ခြင်း(Rotation)

ခါးနာရသော အကြောင်းအရင်းများ
၁။ ကြာရှည်စွာ ထိုင်ခြင်း
၂။ ခါးကုန်း၍ အလုပ်လုပ်ခြင်း
၃။ အမြင့်မှ လိမ့်ကျခြင်း၊ ဖင်ထိုင်လျက် ချော်လဲခြင်း
၎။ ခါးအားတစ်ခုခုဖြင့် ရိုက်မိခြင်း
၅။ အရိုးဆစ်ကြွက်သားရောဂါဝေဒနာများကြောင့်ခါးနာရခြင်း (ခါးနာပေါင်တန်းခြင်း အခန်းမှ ရောဂါဖြစ်ရသော အကြောင်းအရင်းများတွင် ဖော်ပြထားပါသည်)
ရောဂါလက္ခဏာများ
(က) ကျောအောက်ပိုင်းတဘက်တချက်မှ သော်လည်းကောင်း၊ နှစ်ဘက်လုံးမှ သော်လည်းကောင်း နာခြင်း။
(ခ) ခါးနာခြင်း။
(ဂ) ခါးနှင့် တင်ပါးအစပ်တ၀ိုက်မှ နာခြင်း။
(ဃ) ခါးကုန်း၊ ခါးကော့မရခြင်း။
(င) ကျောရိုးနှင့် ခါးကြွက်သားများ တင်းနေခြင်း (သပ်လျှိုထားသလို ဖြစ်ခြင်း)

ကုသနည်းများ
အနားယူခြင်း။       ။ ထိထိရောက်ရောက်အနားယူရန် အလွန်ရေးကြီးသည်။ အနားယူခြင်း ဆိုသည်မှာ ကြာကြာမတ်တတ်မရပ်ခြင်း၊ မထိုင်ခြင်း၊ ခါးမကုန်းခြင်း၊ အလေးအပင် မ မ ခြင်း၊ ကိုယ်အား ဖြုန်းစားမလှည့်ရခြင်း၊ မကြာခဏ မှောက်အိပ်ပေးခြင်း၊ ပက်လက်ကုလားထိုင် မထိုင်ခြင်း၊ နှိပ်ခြင်း နယ်ခြင်း မလုပ်ခြင်း၊ စက်ဘီး ဆိုက်ကား မစီးရခြင်း တို့ဖြစ်သည်။ အကြောင်းမှာ ဤဝေဒနာသည် မည်မျှဆေးစားခြင်း၊ လေ့ကျင့်လှုပ်ရှားခြင်း၊ အပူပေးခြင်း ပြုလုပ်ပြုလုပ်  စနစ်တကျ အနားမယူလျင် သက်သာမှုမရနိုင်သောကြောင့် ဖြစ်လေသည်။
အပူပေးခြင်း။                ။ နာနေသော နေရာတ၀ိုက်အား ရေနွေးအိတ်ရေနွေးကျပ်ထုပ် ကပ်ပေးပါ၊ အနည်းဆုံး တနေ့သုံးကြိမ် ကပ်ပေးပါ။
တုတ်ကိုင်လမ်းလျှောက်ခြင်း။    ။ ခန္ဓာကိုယ်အနေအထား ပုံစံပျက်လောက်အောင် နာကျင်က တုတ်ကိုင်၍ လမ်းလျှောက်သင့်ပါသည်။ (ဥပမာ- ခါးစောင်းခြင်း)
လေ့ကျင့်လှုပ်ရှား ကုသခြင်း (၄င်းတို့မှာ ခါးနာပေါင်တန်းခြင်းတွင် လုပ်သော လေ့ကျင့်ခန်းများကဲ့သို့ပင်) ။    ။ ခါးနာသော လူနာများစွာသည် အပူပေးခြင်း၊ အနားယူခြင်းနှင့် သင်ပြပေးသော လှုပ်ရှားလေ့ကျင့်မှုများအား စနစ်တကျ ပြုလုပ်ပါက များစွာသက်သာ ပျောက်ကင်းမှု ရရှိကြလေသည်။ အချိန်တော်တော်ကြာထိ သက်သာပျောက်ကင်းမှု မရကြသူများမှာ  (က) မူလရောဂါဝေဒနာ ဆိုးရွားခြင်း နှင့်(ခ) အနားမယူနိုင်ခြင်း၊ ဂရုပြု ဆင်ခြင်နေထိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်ရလေသည်။
မည်သို့ဆိုစေ ဆေးရုံသို့ သွားရောက်ကုသမခံယူနိုင်သူများအဖို့ ဤဖေါ်ပြပါ ကုသနည်းများအား ပြုလုပ်ပေးခြင်းဖြင့် ရောဂါအခြေအနေသိပ်မဆိုးသူများ အဖို့ သက်သာမှု ရရှိကြမည်ဖြစ်ပြီး ၊ ရောဂါအခြေအနေဆိုးသူများအဖို့ အမှားပြုမိခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် ရှေ့ဆက်ပြုလုပ်ရမည်များ (ဆေးရုံတက်ကုသခြင်းများကို ဆိုလိုပါသည်) ကို သိရှိသဘောပေါက်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။
အောက်ဖေါ်ပြပါ လေ့ကျင့်လှုပ်ရှားမှုများသည် လွယ်ရာမှ ခက်ရာသို့ လည်းကောင်း၊ အခြေခံမှ တိုးတက်မှုသို့လည်းကောင်း၊ အဆင့်ဆင့်ဖေါ်ပြထားပေရာ အဆင့်မကျော်ပဲ အခြေခံမှ စတင်ပြုလုပ်သင့်သည်။ ရောဂါအမျိုးအစားနှင့် ဝေဒနာအခြေအနေကိုလိုက်၍ ပြုလုပ်ရမည်ဖြစ်ရာ ရက်အားဖြင့် တိတိကျကျပြောဆို သတ်မှတ်၍မရပါ။ မိမိဝေဒနာ၏ အခြေအနေအရ နှိုင်းနှိုင်းချိန်ချိန် ပြုလုပ်ကြရန် ဖြစ်ပါသည်။
၁။ လူနာသည် ပက်လက်အိပ်လျက် အနေအထားဖြင့် ရှိနေရမည်။ လက်နှစ်ဘက်အား ဘေး၌ချထားပါ။ ထိုနောက် ခြေထောက်နှစ်ချောင်းအား ဆန့်ဆန့်ထားပါ။ တဖြည်းဖြည်း ခါးကော့ပေးပါ။ တနည်းပြောရလျင် ဗိုက်ပူထုတ်ပေးပါ။ ခါးအောက်၌ လက်ဖ၀ါးလျှိုသွင်း၍ ရသည်အထိ တဖြည်းဖြည်းချင်းကော့တင်ပေးပါ။ ထိုသို့ပြုလုပ်နေစဉ် ကျောနှင့်တင်ပါးအား အိပ်ရာမှ ကြွမတက်စေရ။ ခါးတစ်ခုတည်းသာ ကြွတက်စေရမည်။ လေ့ကျင့်ခန်းအား တဖြည်းဖြည်းချင်း ပြုလုပ်ပေးပါ။ ဖြုန်းစား မ တင်လိုက်က ခါးမျက်သွားခြင်း ၊ တင်ပါးခွက်စူးအောင့်ခြင်း ဖြစ်နိုင်လေသည်။ မနာခင် အထိသာ ကော့တင်ပေးပါ။ နာသည်အထိ အပြုလုပ်ရ။ ကော့တင်ခြင်းပြီးက ပြန်ချပေးပါ။ စ၍လုပ်သည့်နေ့တွင် ငါးကြိမ်ခန့်သာ ပြုလုပ်ပါ။ ထိုနောက်မှ ခြောက်ကြိမ်မှ ဆယ်ကြိမ်အထိ တစ်နေ့ထက် တစ်နေ့တိုးတက်ပြုလုပ်သွားရမည်။ ဤသို့ဖြင့် ခါးရိုးဆစ်များအား ထောက်မ ကာကွယ်ထားသော တစ်ဘက်တစ်ချက်မှ ကြွက်သားများအထိုက်အလျောက်သန်စွမ်းလာကြမည် ဖြစ်သည်။
ခါးရိုးဆစ်ကြွက်သားများ သန်စွမ်းမှုရှိက ရောဂါဝေဒနာမှ ကြာရှည်သက်သာ ပျောက်ကင်းမှု ရနိုင်မည် ဖြစ်သည်။ အကြောင်းမှာ ကြွက်သားများ မသန်စွမ်းက ခါးရိုးဆစ်များ၌ ဖြစ်ပေါ်လာနေသော ချွတ်ယွင်းမှုတိုင်းအား ပိုမိုဆိုးရွားစေနိုင်၍ ဖြစ်ပါသည်။
၂။ လူနာသည် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း အိပ်နေရမည်။ ထိုနောက် ခါးကို တဖြည်းဖြည်း အပေါ်ကော့တင်ပေးပါ။ ခါးကို ကော့တင်ပြီးသောအခါ ကျောပြင်အောက် ပိုင်းကိုပါ တဆက်တည်းပင့်တင်ပေးရမည်။ မနာခင်အထိသာ ပင့်တင်ပေးပါ။ အားလုံးပြီးသောအခါ ကျောပြင်အောက်ပိုင်းနှင့် ခါးတို့သည် အိပ်ရာမှ ကြွတက်နေ ပါမည်။ ထိုနောက် တဖြည်းဖြည်းအောက်သို့ ချပေးပါ။ ဤလေ့ကျင့်ခန်းကို လေ့ကျင့်ခန်း(၁) အတိုင်း ကောင်းစွာပြုလုပ်နိုင်မှ စတင်လုပ်ပေးရမည်။
၃။ လူနာသည် မှောက်လျက် ဆန့်ဆန့်အိပ်နေရမည်။ ထိုနောက် လက်နှစ်ဘက်အား အနောက်ဘက်သို့ယူပြီး တင်ပါးနှစ်ဖက်ပေါ် တင်ထားပါ။ ထိုနောက် ခါးကော့လျက် ရင်ဘတ်အား အိပ်ရာမှ ကြွတက်ပေးပါ။ တဖြည်းဖြည်းကြွတင်လာပြီး ခါးကြွက်သားများ တင်းနေကြောင်း တွေ့ရှိခံစားရမည်။ ဤလေ့ကျင့်လှုပ်ရှားမှုသည် ဝေဒနာရှင် အချို့အဖို့ ခက်ခဲတတ်ရာ နည်းနည်းချင်းစ၍ လေ့ကျင့်သင့်ပါသည်။ မြန်မြန်နှင့် ဖြုန်းစားကြီး ကော့တင်ခြင်း မလုပ်ရပေ။
၎။ လူနာသည် မှောက်လျက် ဆန့်ဆန့် အိပ်နေရမည်။ ထိုနောက် ခြေထောက်တစ်ဘက်အား ဒူးဆန့်လျက် အပေါ်သို့ မြှောက်တင်ပေးပါ။ ပထမတွင် နိမ့်နိမ့်မြှောက်၍ နောက်ရက်များတွင် တဖြည်းဖြည်းတိုးတက် ပြုလုပ်ပါ။
        ဖေါ်ပြပါ လေ့ကျင့်လှုပ်ရှားကုသမှုများအား အကြိမ်ကြိမ်ပြုလုပ်လျင် ငါးကြိမ်မှ ဆယ်ကြိမ်၊ တစ်နေ့လျင် အနည်းဆုံး သုံးကြိမ် ပြုလုပ်ပေးပါ။

ရေကူးခြင်း။ ။ ခါးနာသူများအဖို့ သင့်တော်သော လေ့ကျင့်ကုသမှုနည်း တနည်းဖြစ်ရာ အခြေအနေနှင့် အချိန်ရှိပါက ပြုလုပ်သင့်ပါသည်။
ခါးမနာအောင် ကာကွယ်လိုသော်
(၁) ခါးကုန်းပြီး ကြာရှည်စွာ အလုပ်မလုပ်ရ။
(၂) မိမိမနိုင်သော အလေးအပင်အား မတင်ခြင်း မပြုလုပ်ရ။
(၃) မိမိနိုင်သော အလေးအပင် ပစ္စည်းတစ်ခုခုအား မတင်သောအခါ ခါးကုန်း၍ မ မပဲ အောက်ပါ အနေအထားဖြင့် မပါ။
          (က) ခြေထောက်အား အနည်းငယ်ကား၍ ရပ်ပါ။
          (ခ) မိမိမတင်မည့် ပစ္စည်းသည် ခြေထောက်နှစ်ခုကြားတွင် ရှိနေရမည်။
          (ဂ) ခါးမကုန်းဘဲ ဒူးကွေး၍ ထိုင်ချပါ။ ဆောင့်ကြောင့်ထိုင်ပါ။
          (ဃ) ခြေဖ၀ါးထိပ်များအား အပြင်ဘက်သို့ အနည်းငယ်လှည့်ထားပေးပါ။
          (င) ခန္ဓာကိုယ်နှင့် မမည့်ပစ္စည်းအား အနီးကပ်ဆုံးထားပါ။
          (စ) ပစ္စည်းကိုမတင်သောအခါ ခါးကုန်းမသွားစေရန်ခါးနှင့် တင်ပါးအား ခပ်ကော့ကော့ လေးတောင့်ထား ရမည်။
          (ဆ) ပစ္စည်းကို ကိုင်ထားသော လက်များသည် ပက်လက်လှန်ထားသော အနေအထား ရှိစေရမည်။
          (ဇ) တံတောင်ဆစ်အား နံစောင်းတွင် ကပ်ထားပါ။
          (ဈ) အထက်ပါအတိုင်း အားလုံးအဆင်သင့်ဖြစ်သောအခါ ပေါင်ကြွက်သားအားဖြင့် (ဒူးအားဖြင့်) ပစ္စည်းကို မတင်ရမည်။  ခါးအားဖြင့် (ကိုယ်အားဖြင့်) မ မ ရ။ ပစ္စည်းအား မမတင်မီ တစ်ကြိမ်နှစ်ကြိမ်ခန့် အထက်ပါအတိုင်း အစမ်းပြုလုပ်ပြီးမှ မပါ။ ပို၍ အဆင်ပြေမည် ဖြစ်သည်။
(၄) အလုပ်စားပွဲ၌ ထိုင်သောအခါ တင်ပါးနှင့် ကျောသည် တဖြောင့်တည်းရှိနေရမည် ဖြစ်ပြီး ထိုင်ခုံ၏ ကျောမှီအား ထိကပ်ထားရမည်။ အများအားဖြင့် ထိုင်လေ့ရှိသူမှာ ကျောသာ မှီပြီးတင်ပါးသည် ရှေ့သို့ ကွေးလျက် ရောက်နေတတ်သည်။ ဤသို့ ထိုင်ခြင်းဖြင့် နာရီပိုင်းအတွင်း ခါးနာနိုင်လေသည်။ တင်ပါးကိုလည်း ထိုင်ခုံကျောမှီ ထိကပ်ထားပေးပါ။
(၅) အလုပ်စားပွဲသည် နိမ့်လွန်းခြင်း၊ မြင့်လွန်းခြင်း မရှိစေပဲ ခန္ဓာကိုယ် အရပ်အမောင်းနှင့် လိုက်လျောညီထွေ ရှိနေစေရမည်။ စားပွဲပေါ်၌ လက်တင်ထားသော အခါ တံတောင်ဆစ်သည် ၉၀ဒီဂရီ ရှိနေက အကောင်းဆုံးအနေအထား စားပွဲအမြင့်ဖြစ်သည်။
(၆) မွေ့ရာထူထူနှင့် အိပ်ခြင်း၊ စပရိန်ခုတင်၌ အိပ်ခြင်း၊ ပက်လက်ကုလားထိုင်ဖြင့် ကြာရှည်စွာထိုင်ခြင်းတို့သည်လည်း ခါးနာနိုင်သော အကြောင်းတရားများဖြစ်သည်။

ရှောင်ရန် ဆောင်ရန်များ
၁။ ခါးမကုန်းရ၊ အလေးအပင်မ မ, ရ၊ ခန္ဓာကိုယ်အား လိမ်ခြင်း လှည့်ခြင်း မပြုလုပ်ရ။
၂။ ပက်လက်ကုလားထိုင်တွင် မထိုင်ရ၊ မွေ့ရာထူထူနှင့် မအိပ်ရ။
၃။ အနင်း၊ အနှိပ်မခံရ။
၎။ စုပ်မထိုးရ။
၅။ စက်ဘီး၊ ဆိုက်ကားမစီးရ။(ခါးဆစ်အား ဆောင့်၍ ဝေဒနာပိုဆိုးစေပါသည်)
၆။ ရေနွေးအိတ် ကပ်ပေးပါ။
၇။ အအေးမခံရ။ နွေးနွေး ထွေးထွေးနေပါ။
၈။ လမ်းလျှောက်ခက်ခဲက (သို့) ခါးစောင်းလာက တုတ်ဖြင့် လမ်းလျှောက်ပေးပါ။
၉။ လေ့ကျင့်လှုပ်ရှား ကုသမှုများအား မှန်မှန်လုပ်ပေးပါ။
၁၀။ ချောင်းဆိုး၊ နှာချေနေပါက ဆေးဝါးကုသမှု ခံယူပါ။ အခြေအနေပိုဆိုးသွားနိုင်၍ ဖြစ်ပါသည်။
၁၁။ မိမိဘာသာ ကုသ၍ တစ်ပတ်နှစ်ပတ်အတွင်း သက်သာမှု မရှိက ဆေးရုံသို့ သွားရောက်ပြသနိုင်အောင် ကြိုးစားပါ။

သူငယ်ချင်းများ အားလုံး ကာယစိတ္တသုခ ပြည့်စုံကြပါစေ…   

1 comment:

  1. ခုလို ဝေမျှပေးလို့  ကျေးဇူးတင်ပါတယ် ..........ကျွန်တော်လဲ ခါးနာတာ ကြာပါပြီ ............ဒီလို လေ့ ကျင့်  ခန်းမျိုးကို အရိုးအကြော အထူးကု ဆရာဝန်ကြီးတွေ ဘာဖြစ်လို့  နည်းပေးလမ်းညွှန်မူ မပြုကြ တာလဲ ဆိုတာ တကယ်ကို အံသြမိပါတယ် .........အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ.....

    ReplyDelete