Jul 21, 2012

မင်းရဲ့အချစ်သာ စစ်ပါစေ

အမြဲရင်ခုန် ကြင်သူအပြုံး
ထွေးယှက်နွေးဖြာ ရင်ခွင်လွှာမှာ
သိမ့်ရွှေရည်လူး တူရွှင်မြူးခဲ့
ရောင်စုံခြယ်တဲ့ ချစ်ကမ္ဘာထဲ
လေပြေသွေးတောင် ဝေးမှာစိုးတယ်…။

မေ့မှာမုန်းမှာစိုးကာ ထိတ်ထိတ်
တိုးတိုးတိတ်တိတ် ကြိတ်မှိတ်ငိုကြွေး
ဝေးနေတိုင်းမှာ လွမ်းရင့်လွင့်ကာ
နေခြည်ညိုနဲ့ တိမ်တွေပြိုတိုင်း
လေပြေစကား မှာကြားမိတယ်
စက္ကန့်တိုင်းမှာ ချစ်ပါစေ…။

တိုင်တည်ရည်စူး သစ္စာပြုခဲ့
သူ့တစ်ယောက်တည်းသာ ချစ်မှာလေ လို့
သူ့အပြုံး သူ့အကြည့် သူ့အချစ်တွေလည်း
ကိုယ်နဲ့ထပ်တူ ညီပါစေ…။

ယုံမှားသံသယ ဝေးရဖို့အရေး
ဘေးစကားတွေလည်း မေ့နိုင်ပါစေ..။
သွေးခွဲစကား ရင်မှဖယ်ရှား
နှလုံးသားချင်း နီးပါရစေ….။

စိတ်ချင်းထပ်တူ ကိုယ်စီစိတ်ကူး
အိမ်မက်တိုင်းမှာ မင်းပါနေလို့
မျှော်လင့်အနာဂါတ် ရှေ့ဆက်မဲ့ခရီး
မင်းလက်ကိုယှက် လှမ်းဆက်ပါရစေ…။

မုန်းဖို့အတွေး ရေးရေးမှမမြင်
မင်းသာအမှန် ချစ်မယ်ဆိုရင်
ကမ္ဘာမြေတစ်ဆုံး မင်းလက်ကိုတွဲ
ဖဝါးထပ်မျှ လှမ်းလျှောက်ရဲတယ်
မင်းရဲ့အချစ်သာစစ်ပါစေ…။


No comments:

Post a Comment