Jul 23, 2012

တရှိုက်မက်မက် ( အချစ်ဋီကာ )


အချစ်သည်.....  ရွက်ကျပင်ပေါက်ကလေးနှင့်တူ၏။ ဘယ်နေရာကျကျ ရေမလောင်းပေါင်းမသင်ရပဲ လှပစွာပေါက်တတ်၏။


အချစ်သည်.... မွေးကင်းစ ကလေးငယ်လေးနှင့်တူ၏။ မည်သူမျှ မချစ်ပဲမနေနိုင်အောင် ဆွဲဆောင်၏။


အချစ်သည်.....  နှစ်ချို့ အရက်ထက်ပြင်းရှ၏။  သောက်ဖူးသူတိုင်းသိကြသလို  ချစ်ဖူးသူတိုင်းလည်းသိကြ၏။


အချစ်သည်....  လမိုက်ညလို မှောင်မဲ၏။ သို့သော် ... လမ်းဖြောင့်၏။


အချစ်သည်....  အလင်းလက်ဆုံးကို ပေးစွမ်းနိုင်၏။ သို့သော်... ချစ်သူများသည် လျစ်လျူ ရှုတတ်၏။


အချစ်သည်.... ဆောင်းနှင်းပွင့်လို အေးခဲ၏။  ချစ်သူများသည် ဆောင်းနှင်းပွင့်ကိုချစ်ကြ၏။


အချစ်သည်... လောဘ၊ ဒေါသ၊ မောဟကို နိုင်၏။ လောကဓံအား မနိုင်ပေ ။


အချစ်သည်...  စာမျက်နှာများနှင့်တူ၏။ နှစ်ပေါင်းကြာမြင့်စွာသိမ်းဆည်းထားသော်လည်း သစ်လွင်နေဆဲပင်။


အချစ်သည်...  ပြုံးတတ်၏ ၊ ရယ်တတ်၏ ၊ငိုတတ်၏ မဲ့တတ်၏ ၊ လွမ်းတတ်၏ ၊ လူသားများသည် အချစ်ကိုစွဲမက်၏။


အချစ်သည်... ရက်စက်ကြမ်းကြုတ်၏ ၊လှည့်စားတတ်၏ ၊ နူးညံ့သိမ်မွေ့၏။  လူတို့သည် အချစ်ကို ကိုးကွယ်၏။


အချစ်သည်... လူမျိုး ဘာသာမခွဲခြားသော်လည်း၊ လူသားတို့သည် လူမျိုးဘာသာခွဲခြားသည်။


အချစ်သည်... ကြိမ်ဖန်များစွာ သေဆုံးသော်လည်း  လူသားသည် တကြိမ်သာသေရသည်။


အချစ်သည်... ရုပ်နာမ်မရှိသော်လည်းအလျှင်းတောက်ပြောင်၏ ၊ လူသားတို့သည် ရုပ်နာမ်ရှိသော်လည်း အလျှင်းပုပ်၏။


အချစ်သည်... မိဘနှင့်တူ၏ ၊ ကြီးကျယ်ခန်းနား၏ ၊ သားသမီးသည် မိဘထက်ငယ်၏ ၊ သန့်စင်၏။


အချစ်သည်... ကမ္ဘာကြီးပျက်သုံးလျှင် ကွယ်ပျောက်သွားမှာဖြစ်ပြီး ၊ ကမ္ဘာတည်နေသရွေ့လူသားသည်မကွယ်ပျောက်ပေ ။


ထို့ကြောင့်။ အချစ်သည်... လှပသော ပန်းတစ်ပွင့်ဖြစ်၍ ကျွန်ုပ်တပ်မက်စွာခူးဆွတ်နမ်းရှိုက်မိမှာမလွှဲမသွေဖြစ်တော့သည်။

No comments:

Post a Comment