အငွေ့ပျံတတ်တဲ့ သဘောတရားထဲမှာ
နင့်အချစ်တွေ ပရုပ်လုံးဆန်ခဲ့တယ်
တရွေ့ရွေ့ ပျောက်ကွယ်သွားခြင်းနဲ့အတူ
တငွေ့ငွေ့ လောင်ကျွမ်းခဲ့မှုတစ်ခု
တော်ပါပြီဟာ..
အဲဒါနွေးထွေးမှုပါလို့ နင်မနှစ်သိမ့်နဲ့တော့။။
ဟုတ်တာပေါ့လေ..
ကမ္ဘာမြေရဲ့နှလုံးသားမှာ မြေမှုန်တစရဲ့ခံစားမှုက
သိမ်နုတ်လွန်းခဲ့မှာပါ၊
ငါကိုက အတိုင်းအဆမသိပဲ၊ နှိုင်းဆခဲ့တဲ့သူ
လေပူတစ်ချက်အဝေ့မှာတင်၊ အရည်ပျော်လွင့်စင်ခဲ့ပေါ့။။
စည်းတစ်ဖက်ခြား ဝေးကွာမှုမှာ
"ခေါင်း"နဲ့"ပန်း"က
တစ်ယောက်မျက်နှာတစ်ယောက် မြင်ခွင့်မရခဲ့ကြရှာဘူးတဲ့။။
အကြောင်းပြချက်မရှိ လွင့်ပျက်သွားတဲ့အိပ်မက်တစ်ခု
နင်ဘာနဲ့ ပြန်ဆက်ပေးမလဲသိချင်တယ်
လွယ်လွယ်ပြောတဲ့ စကားတွေအဆုံးမှာ
မမုန်းပဲနဲ့ တို့နှစ်ယောက်ကျောချင်းကပ်မိကြပြန်ပြီ။။
မဖြတ်သန်းဖြစ်ခဲ့တဲ့ မြက်ခင်းစိမ်းကြီးကို
အတွေးထဲမှာ တမ်းတရတာနဲ့တင်
ငါ့အတွက် ပင်ပန်းလွန်းခဲ့တယ်..
စိတ်ကူးထဲကမျဉ်းပြိုင်နှစ်ကြောင်း ဆုံစည်းမှုကတော့
လက်တွေ့ဘဝထဲကို အန်ကျမလာခဲ့ပါဘူး။။
ကိုယ်တိုင်သာ ကြိုးဆွဲခွင့်ရခဲ့ရင်
ငါတို့နှစ်ယောက်ရဲ့ အပျော်ညနေခင်းတွေအဆုံးမှာ
ကန့်လန့်ကာကြိုးကို ထုံးထားချင်တယ်။။
တကယ်တမ်းမှာ နှစ်ကူးတာချင်းတူပေမယ့်
ဒီဇင်ဘာနဲ့ တန်ခူးက ထပ်တူမကျပါဘူးလေ
ငါတို့တွေ..
"လက်ဖမိုး"နဲ့"လက်ဖဝါး" ဝိဝါဒမှာ
ကိုယ့်အမှန်တရားအလိုက် နှလုံးသားကိုဒဏ်ရိုက်မိခဲ့ကြပြီပဲ။။
No comments:
Post a Comment