Jul 25, 2012

သံယောဇဉ်ဆိုသောအရာ


သံယောဇဉ်ဆိုတာ
ရေသူမတစ်ကောင်လိုပဲ
သေချာမမြင်ဖူးပဲနဲ့
ကြားဖူးနားဝနဲ့
အကောင်အထည်ဖော်ကြည့်ရတယ်။
.
သံယောဇဉ်ဆိုတာ
စံပယ်ပန်းနဲ့တူတယ်
မပွင့်ပါနဲ့လို့တားလို့မရသလို
ပွင့်လာရင်လည်း
မနမ်းရမနေနိုင်အောင်အနံ့နဲ့ဆွဲဆောင်တယ်
.
သံယောဇဉ်ဆိုတာ
ပိတောက်ပန်းနဲ့တူတယ်
ပွင့်ဝေချိန်ကိုစောင့်ရတယ်
တစ်ကယ်ပွင့်ဝေလာတော့
အမှိုက်တွေအများကြီးချန်ခဲ့တတ်တယ်
.
သံယောဇဉ်ဆိုတာ
တက်တူးရုပ်နဲ့တူတယ်
တစ်ခါကပ်ငြိဖူးရင်
ပြန်ဖျောက်ဖျက်ဖို့
အင်မတန်ခက်တယ်
သံယောဇဉ်ဆိုတာ
မိဿလင်ပင်နဲ့တူတယ်
ခြောက်သွေ့ချိန်နဲ့စိမ်းစိုချိန်ကို
စနစ်တကျစီစဉ်ထားတတ်တယ်
ဒါပေမရ့်ဆေးဖက်လဲဝင်တယ်
.
သံယောဇဉ်ဆိုတာ
ကင်းမြီးကောက်တစ်ကောင်နဲ့တူတယ်
ဘယ်အချိန်ဘယ်နေရာက
ထွက်ပေါ်လာမလဲမသိရပဲ
အကိုက်ခံရရင်တဆစ်ဆစ်နဲ့
နာကျင်ကျန်ခဲ့ရတယ်။
.
သံယောဇဉ်ဆိုတာ
ကြမ်းပိုးတစ်ကောင်နဲ့တူတယ်
ညအချိန်မတော်လူကို
အိပ်ရေးပျက်အောင်လုပ်တတ်တယ်
.
သံယောဇဉ်ဆိုတာ
ဧဒင်ဥယျာဉ်နဲ့တူတယ်
ချစ်တတ်သူတွေအံ့ချီးဖွဖွ
ရည်ညွှန်းကြပေမယ့်
လက်ညှိုးထိုးပြစရာဘာမှမရှိဘူး
.
တစ်ကယ်တော့သံယောဇဉ်က
ဘာနဲ့မှမတူပါဘူး
သံယောဇဉ်နဲ့သာတူပါတယ်။။
.

No comments:

Post a Comment