မေး
- ကျွန်တော်က Computer ရှေ့မှာအထိုင်များသူပါ။ အခုတလော အကြောတွေတက်ပြီး
ခေါင်းကိုက်ကိုက်နေ ပါတယ်။ ဘယ်လိုကုသမှု ခံယူရမလဲသိပါရစေခင်ဗျာ။

ကိုယ်ဟန်အနေအထားမမှန်ရင်
ကြာလာရင် ကျောရိုးဆစ်လေးတွေ မူမမှန်တဲ့ ဖိအားနဲ့ ပွတ်တိုက်မှုကြောင့်
အရိုးကျီးပေါင်းတက် တတ်တာမို့ အလုပ်လုပ်စဉ် ကိုယ်ဟန်အနေအထား မှန်ကန်စွာ
ရှိနေဖို့က လွန်စွာမှ အရေးပါလှပါတယ်။
ကွန်ပျူတာအသုံးပြုစဉ်
အောက်ပါ အချက်များကို သတိထားခြင်းဖြင့် ဇက်ကြောတက်ခြင်း၊
ခေါင်းမူးခေါင်းကိုက်ခြင်းစတဲ့ ကိုယ်ဟန် အနေအထားဆိုင်ရာ ပြဿနာများကို
အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါလိမ့်မယ်။
ကွန်ပျူတာသုံးတဲ့ နေရာဟာ အလင်းရောင်ကောင်းစွာရရှိနေဖို့ လိုပါတယ်။ မော်နီတာကို သော်လည်းကောင်း၊ မျက်လုံးကိုသော်လည်းကောင်း အလင်းရောင် တိုက်ရိုက်ထိုးမနေရပါဘူး။
ထိုင်ခုံဟာ
သက်တောင့်သက်သာရှိတဲ့ ခုံမျိုးဖြစ်သင့်ပါတယ်။ အထက်အောက်
အနိမ့်အမြင့်ညှိနိုင်တဲ့ ခုံမျိုးဖြစ်ရင်တော့ အသုံးပြုသူရဲ့ အရပ်အမောင်း၊
ကိုယ်ဟန်နေထားပေါ် မူတည်ပြီး အနိမ့်အမြင့်ညှိလို့ရလို့ အသင့်တော်ဆုံးပါ။
ကွန်ပျူတာ
အသုံးပြုရန် ထိုင်နေစဉ် လူရဲ့ ကိုယ်ဟန်အနေအထားဟာလည်း မတ်နေရပါမယ်။ ခေါင်း၊
လက်ပြင်၊ ကြော၊ ခါးစတဲ့ နေရာ များမှာ ကိုင်းမနေရပါဘူး၊ ကုန်းမနေရပါဘူး၊
ကော့မနေရပါဘူး။ နားရွက်၊ ပခုံးနဲ့ တင်ပါးတို့ဟာ မတ်မျဉ်းတစ်ကြောင်းတည်းပေါ်မှာ ကျရောက်နေရပါမယ်။
ပုံမှန်ကိုယ်ဟန်အနေအထား ရှိနေသူတစ်ဦးမှာ ဇက်နဲ့ ခါးနောက်ပိုင်းနေရာမှာ
ခွက်နေတာမို့ အဲဒီနေရာကို ဖြည့်ပေးဖို့ ကူရှင်၊ backrest စတဲ့ ပစ္စည်းတွေကို
သုံးခြင်းအားဖြင့် ဇက်နဲ့ ခါးနေရာတွေမှာ ကြွက်သားတောင့်တင်းပြီး
အကြောတက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
ကွန်ပျူတာမော်နီတာ မျက်နှာပြင်ရဲ့ အထက်သုံးပုံတစ်ပုံဟာ မျက်လုံးနဲ့ တည့်တည့်ရှိနေရပါမယ်။
စာရွက်/စာအုပ်ကနေ စာကို ကူးရိုက်ရမယ် ဆိုရင်တော့ စာရွက်/စာအုပ် ထောက်တိုင်
သို့မဟုတ် စာရွက်/စာအုပ်ကိုယ်တိုင်ကို ကွန်ပျူတာနဲ့ ကပ်လျက် မျက်လုံးနဲ့
တစ်တန်းတည်းထားသင့်ပါတယ်။ ကွန်ပျူတာတင်တဲ့ ခုံ/စားပွဲပေါ်မှာ ချထားပြီး
ကြည့်ရိုက်တာမျိုးက ဇက်နဲ့ မျက်လုံး အားပိုစိုက်ရပြီး ဇက်ရဲ့ အနေအထားဟာလည်း
မမှန်လို့ ဇက်ကြောတက်၊ မူးမော်တတ်ပါတယ်။ စာရိုက်နေစဉ် မှာ ခေါင်းဟာ ရှေ့
တည့်တည့်က မော်နီတာကိုပဲ ကြည့်နေရမှာဖြစ်ပြီး မော့မနေ၊ ငုံ့မနေရပါဘူး။ နားရွက်ထိပ်နဲ့ မျက်လုံးထောင့်တို့ဟာ ရေပြင်ညီ မျက်နှာပြင်မှာ တစ်တန်းတည်း ရှိနေရမှာပါ။
တံတောင်ဆစ်ဟာ ခန္ဓာကိုယ်နဲ့ ကပ်နေရမှာဖြစ်ပြီး ၉၀ ဒီဂရီခန့်သာ ကွေးနေရပါမယ်။ ဆိုလိုတာကတော့
လက်ဖျံနဲ့ က တစ်တန်းတည်းဖြစ်နေရမှာပါ။ တံတောင်ဆစ်ကွေးလွန်း
ဆန့်လွန်းခြင်းဖြစ်မနေရပါဘူး။ လက်ကောက်ဝတ်ဟာလည်း လက်ဖျံနဲ့ တစ်တန်းတည်း
ရှိနေသင့်ပြီး လက်ချောင်းလေးများ ကွေးလွန်း၊ ဆန့်လွန်းခြင်း
ဖြစ်မနေရပါဘူး။ စာရိုက်နေစဉ်မှာ လက်ဟာ သက်သောင့်သက်သာ ရှိနေရမှာဖြစ်ပြီး
နာလာမယ်၊ ကျင်လာမယ်၊ အချိန်တိုအတွင်း ညောင်းလာမယ်ဆိုရင်တော့ ပခုံး၊
တံတောင်၊ လက်ကောက်ဝတ်၊ လက်ချောင်းလေးများရဲ့ အနေအထားမမှန်လို့ပါ။
ခြေထောက်ကိုလည်း တံတောင်ဆစ်နဲ့ အလားတူ ၉၀ ဒီဂရီခန့်သာ ကွေးနေရပါမယ်။
ထိုင်ခုံကမြင့်နေမယ်၊ အနိမ့်အမြင့် ညှိလို့လည်း မရဘူး ဆိုရင်တော့
ခြေထောက်အောက်မှာ ခုံပုလေး ဒါမှမဟုတ် footrest လေးတစ်ခုလောက်
ရှိသင့်ပါတယ်။ ခြေဖ ဝါးဟာ ကြမ်းပြင်၊ ဒါမှမဟုတ် footrest ပေါ်မှာ အပြားလိုက် သက်တောင့်သက်သာ ရှိနေသင့်ပါတယ်။
တစ်ခါတလေ
အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ ဖိအားကြောင့် ကိုယ့်ကိုယ်ကို မသိဘဲ
ကြွက်သားတွေ၊ အကြောတွေ တောင့်ထားမိ တတ်ပါတယ်။ အထူးသဖြင့် ဇက်ပိုးနဲ့
ပခုံးက ကြွက်သားတွေကို တောင့်ထားတတ်ကြပြီး မျက်မှောင် ကျုံ့ထားတတ်ကြပါတယ်။
ဒါကိုလည်း တစ်ခါတရံ သတိပြုပြီး ဖြေလျှော့ပေးရမှာပါ။
အချိန်အတန်ကြာ
ဆက်တိုက်လုပ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်တော်တော်ကြာအောင်
အလုပ်လုပ်ရမယ် ဆိုရင်လည်း မကြာခဏ ခြေ၊ လက်
အကြောဆန့်ခြင်းပြုလုပ်သင့်ပါတယ်။ ထိုင်နေစဉ်မှာလည်း ခြေ/လက်တို့ကို
စကောဝိုင်းသဖွယ် လှုပ်ရှားမှုလေ့ကျင့်ခန်းမျိုးကို ပြုလုပ်နိုင်ပါတယ်။
အလုပ်ဇောကပ်ပြီး ဆီး၊ ဝမ်း အောင့်ထားရလောက်အောင် လုပ်တာမျိုးကတော့
အစွန်းရောက်လွန်းတဲ့အပြင် ကျန်းမာရေးကိုပါ တိုက်ရိုက် ထိခိုက်နိုင်လို့
ဘယ်တော့မှ မလုပ်သင့်ပါဘူး။
အထက်ပါ
အချက်အလက်များကို သတိပြုပြီး အလုပ်လုပ်မယ်ဆိုရင်ဖြင့် အလုပ်ကြောင့်
ဇက်ကြောတက်၊ ခေါင်းကိုက်တာကို ကာကွယ်နိုင်ပြီး ကိုယ်စိတ်ကျန်းမာစွာနဲ့
အလုပ်ပြီးမြောက်အောင် လုပ်နိုင်ကြမှာပါ။
No comments:
Post a Comment